DVB Logo
Home
မြန်မာသတင်း
စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂ သိန်းကျော် ပြည်ပ တင်ပို့ 
DVB
·
October 15, 2024
စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂ သိန်းကျော် ပြည်ပ တင်ပို့ 
Donate to DVB

ပြီးခဲ့တဲ့ စက်တင်ဘာအတွင်း မြန်မာနိုင်ငံဟာ ဆန်နဲ့ ဆန်ကွဲ တန်ချိန် စုစုပေါင်း ၂ ဒသမ ၁၉၅ သိန်းကျော် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဆန်တန်ချိန် ၁၄၀,၀၀၀ တင်ပို့ခဲ့ပြီး ဆန်ကွဲတန်ချိန် စုစုပေါင်း ၇၅,၀၀၀ ကို ကုမ္ပဏီပေါင်း ၆၂ ခုက တင်ပို့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေကထက် ၂ ဆကျော် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနှစ်အတွင်းမှာလည်း စက်တင်ဘာလဟာ လအလိုက် တင်ပို့မှုပမာဏ အမြင့်ဆုံးလည်းဖြစ်ပြီး ပို့ကုန်ဝင်‌ငွေ အမေရိကန်ဒေါ်လာ ၁၀၄ သန်း ရှိပါတယ်။

ဆန်တင်ပို့မှု မြင့်တက်တာက မြန်မာ့ဆန်စပါးပို့ကုန်ကဏ္ဍအတွက် အပေါင်းလက္ခဏာ ဆောင်ပေမဲ့ ပြီးခဲ့တဲ့လတွေနဲ့ စက်တင်ဘာလအတွင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် စိုက်ဧကပေါင်းများစွာ ပျက်စီးကာ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှု ထိခိုက်မှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုတွေ ကြည့်မယ်ဆိုရင် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ တန်ချိန် ၈၅,၀၀၀၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ တန်ချိန် ၉၀,၀၀၀ ကျော် တင်ပို့ခဲ့ပြီး ဆန်တန်ချိန် သိန်းချီ တင်ပို့နိုင်တာ မရှိခဲ့ပါဘူး။

အဲဒီလိုတင်ပို့မှုထဲက ဆန်တန်ချိန် ၂,၈၃၆ တန်ကိုပဲ နယ်စပ်ကနေ တင်ပို့ခဲ့ပြီး ကျန်ပမာဏကို ပင်လယ်ရေကြောင်းကတဆင့် တင်ပို့ခဲ့တာကြောင့် ဆန်တင်ပို့မှု စုစုပေါင်းရဲ့ ၉၈ ရာခိုင်နှုန်း ကျော်ကို ပင်လယ်ရေကြောင်းကနေ တင်ပို့ခဲ့တာဖြစ်ပါတယ်။

ဒါဟာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် နယ်စပ်ကနေ တင်ပို့မှု လျော့ကျလာတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းက နယ်စပ်ကနေ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုဟာ စုစုပေါင်း တင်ပို့မှုရဲ့ ၅၀ ရာခိုင်နှုန်း ရှိခဲ့ပေမဲ့ စစ်ရေးအရ စစ်ကောင်စီ စတင်အရေးနိမ့်လာတဲ့ ၂၀၂၃ ခုနှစ်ရဲ့ စက်တင်ဘာလမှာတော့ နယ်စပ်ကတဆင့် တင်ပို့မှုဟာ ၁၀ ရာခိုင်နှုန်းပဲရှိပြီး အခုနှစ်မှာတော့ နယ်စပ်ကနေ တင်ပို့မှု ၁ ရာခိုင်နှုန်းကျော်ကျော်ပဲ ရှိပါတော့တယ်။

အခုအခါမှာ စစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က နယ်စပ်ကုန်သွယ်ရေးစခန်းတွေ၊ အိန္ဒိယနယ်စပ်က ကုန်သွယ်ရေးစခန်းတွေ၊ တရုတ်နယ်စပ်က ကုန်သွယ်ရေးစခန်းတွေ အများစုကို လက်လွှတ်ထားရပါတယ်။

ထိုင်းနယ်စပ်က ကုန်သွယ်ရေးစခန်းတွေထဲက အဓိက ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းကို ထိန်းချုပ်ထားနိုင်တယ်ဆိုပေမဲ့ စစ်ကောင်စီဟာ အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ခြင်းမရှိတာကြောင့် မြဝတီကတဆင့် ကုန်သွယ်နိုင်ခြင်း မရှိ‌ေသးပါဘူး။

မြန်မာနိုင်ငံအနေနဲ့ တနှစ်ကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ သန်းအထက် ပြည်ပကို ပုံမှန်တင်ပို့နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒသမ၇ သန်း နီးပါးသာ တင်ပို့နိုင်ခဲ့ပါတယ်။

အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လမှာ‌တော့ စုစုပေါင်းတန်ချိန် ၉၃၀,ဝဝဝ ကျော် ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ရဲ့ အလားတူကာလထက် ၂ ဆကျော် မြင့်တက်ခဲ့တာကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013