DVB Logo
Home
မြန်မာသတင်း
သီပေါမြို့သိမ်းတိုက်ပွဲ၌ ဖမ်းမိသည့် တပ်မိသားစုဝင် ၁၉၀ ကျော်ကို TNLA ပြန်လွှတ်ပေး
DVB
·
October 15, 2024
သီပေါမြို့သိမ်းတိုက်ပွဲ၌ ဖမ်းမိသည့် တပ်မိသားစုဝင် ၁၉၀ ကျော်ကို TNLA ပြန်လွှတ်ပေး
1 / 5
Donate to DVB

ရှမ်းပြည်နယ်၊ သီပေါမြို့ကို သိမ်းပိုက်တုန်းက စစ်တပ်စခန်းတွေကနေ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်မိသားစုဝင် တပ်မိသားစုဝင် ၁၉၁ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

တအာင်းပြည် တပ်မဟာ ၂ နယ်မြေ၊ သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၅၀၃ နဲ့ ၅၀၄ စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်တုန်းက ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင်တွေကို လူသားချင်းစာနာထောက်ထားပြီး အောက်တိုဘာ ၁၂ ရက်မှာ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

သီပေါမြို့ရှိ စစ်ကောင်စီရဲ့ ၅၀၃ တပ်စခန်းကို စက်တင်ဘာ ၂၆ ရက်မှာ TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီတပ်ထဲက တပ်မိသားစုဝင် အမျိုးသား ၁၁ ယောက်၊ အမျိုးသမီး ၄၈ ယောက်၊ ကလေး ၄၃ ယောက်၊ စုစုပေါင်း ၁၀၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သလို စက်တင်ဘာ ၂၇ ရက်မှာလည်း ၅၀၄ တပ်စခန်းကို သိမ်းပိုက်ပြီး အဲဒီတပ်ထဲက တပ်မိသားစုဝင် အမျိုးသား ၁၆ ယောက်၊ အမျိုးသမီး ၃၉ ယောက်၊ ကလေး ၃၄ ယောက်၊ စုစုပေါင်း ၈၉ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၃ ရက်မှာတော့ သီပေါမှာ နောက်ဆုံးကျန်နေတဲ့ ခလရ ၂၃ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး TNLA က သီပေါမြို့ကို  အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီကနေ စစ်သုံ့ပန်းအများအပြားနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တာကြောင့် စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲနေတယ်လို့ TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက DVB ကို ပြောထားပြီး ဖမ်းမိတဲ့မိသားစုဝင်တွေကို ပြန်လွှတ်ပေးမှာဖြစ်ပေမဲ့ စစ်သုံ့ပန်းတွေကိုတော့ ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရချိန်ကစလို့ စစ်ကောင်စီဟာ သီပေါမြို့ကို နေ့စဉ်ရက်ဆက် ဆိုသလို လေကြောင်းကနေ ဖျက်အားပြင်း ဗုံးအများအပြား လာရောက်ကြဲချနေတာကြောင့် ဒေသခံတချို့ သေဆုံးပြီး နေအိမ်အဆောက်အဦတွေလည်း ပျက်စီးခဲ့ရပါတယ်။

TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မြို့ ၅ မြို့အထိ သိမ်းပိုက်ရရှိထားပြီး တချို့မြို့တွေမှာတော့ အုပ်ချုပ်ရေးယန္တရားတွေကို စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013