
ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်နေတဲ့ မောင်တော ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်း ရပ်နားနေတာ ၁ နှစ်လောက် ကြာလာပြီလို့ ကုန်သည်အသိုင်းအဝိုင်းဆီက သိရပါတယ်။
ရခိုင်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲစတင်ခဲ့တဲ့ တပတ်အတွင်းမှာဘဲ မောင်တောကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်း ရပ်နားခဲ့ရတာပါ။
မောင်တောနယ်စပ် ကုန်သည်တယောက်က “ရခိုင်မှာ တကျော့ပြန်တိုက်ပွဲစဖြစ်တဲ့ ၁၁ လပိုင်းကတည်းကပိတ်သွားတာ။ တိုက်ပွဲတွေကလည်း ဟိုနေရာ ဒီနေရာ အစုံဖြစ်နေကြတာ။ ကုန်သွယ်ရေးလမ်းကြောင်းကလည်း လုံးဝပိတ်သွားတော့ ကုန်စည်စီးဆင်းမှုလည်း မရှိတော့ဘူး” လို့ ပြောပါတယ်။
ရခိုင်မှာ တကျော့ပြန်စစ်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်နေကြတဲ့ စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မောင်တောကညင်ချောင်းနယ်စပ်ကုန်သွယ်ရေးစခန်း ရပ်နားရတာဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ကလည်း အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်းမှာ စစ်တွေမြို့နယ်စပ် ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၂ သန်းသာရှိခဲ့ပြီး မောင်တောမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၃ သန်းသာ ရှိခဲ့တယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လယ်ယာထွက်ကုန်နဲ့ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေဖြစ်ကြတဲ့ ဆန်၊ ကြက်သွန်၊ ပဲမျိုးစုံ၊ နှမ်းနဲ့ မြေပဲ ၊ ရေထွက်ပစ္စည်းတွေဖြစ်ကြတဲ့ ရေချို၊ ရေငံ ငါးမျိုးစုံကို အဓိကတင်ပို့နေတာလည်း ဖြစ်ပါတယ်။
ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်းတွေက ရပ်သွားပေမဲ့ ရန်ကုန်မြို့ ရွှေပြည်သာရှိ ရွှေမဲဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဆိပ်ကမ်းကို တိုက်ရိုက်ကုန်သွယ်နေကြတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။
အိမ်နီးချင်းနိုင်ငံတွေကို ကုန်စည်တင်ပို့နိုင်ဖို့ ရန်ကုန်မြို့ ရွှေပြည်သာက ရွှေမဲဆိပ်ကမ်းနဲ့ မုတ္တမဆိပ်ကမ်းတွေကို အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းအဖြစ်သုံးဖို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်က စတင်ခွင့်ပြုခဲ့ ပါတယ်။
လက်ရှိ မောင်တောမြို့က စစ်ကောင်စီ တပ်စခန်းအားလုံးနဲ့ မောင်တောကညင်ချောင်းနယ်စပ် ကုန်သွယ်ရေးစခန်းကို AA က သိမ်းပိုက်ထားပြီးတော့ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲဌာနချုပ် (နခခ-၅) ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက် နေပါတယ်။