DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် ကရင်နီဒေသ ဆေး၀ါးနှင့် ဆန်စပါး အကူအညီလိုအပ်
DVB
·
October 14, 2024
ရေဘေးသင့် ကရင်နီဒေသ ဆေး၀ါးနှင့် ဆန်စပါး အကူအညီလိုအပ်
Donate to DVB

ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၉ ရက်ကစပြီး ရေဘေးသင့်ခဲ့တဲ့ ကရင်နီပြည်နယ်မှာ တလကျော်လာခဲ့ပြီးနောက် ဆေး၀ါးနဲ့ ဆန်စပါးထောက်ပံ့မှုတွေ အရေးပေါ် လိုအပ်နေပါတယ်။

ရှားတောမြို့နယ်၊ ဒီးမောဆိုအရှေ့ခြမ်း ဟိုဟာ၊ ဖွံဘော်ခွတ်နဲ့ လိုမူခိုမြို့နယ်တွေမှာတော့ ရေပြန်ကျနေပေမဲ့ လွိုင်ကော်၊ မယ်စဲ့၊ နန်းမယ်ခုံနဲ့ ဖယ်ခုံမြို့နယ်ဘက်တွေမှာတော့ ရေဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေး၀ါးလိုအပ်ချက်တွေ ရှိနေတယ်လို့ Emergency Response Coordination Team ရဲ့ ဥက္ကဋ္ဌက DVB ကို ပြောပါတယ်။

ရေပြန်ကျသွားတဲ့ ကျေးရွာဘက်အခြမ်းတွေမှာ ပြန်လည်ထူထောင်ရေးအဖြစ် ကျေးရွာတွေမှာ လမ်း၊ တံတားနဲ့ အိမ်တွေကို သန့်ရှင်းရေးလုပ်နေတာတွေ စိုက်ပျိုးလယ်တွေ ပြန်ဖော်နေတဲ့ လုပ်ငန်းစဥ်တွေ စလုပ်နေပေမဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ စိုက်စပါးတွေအတွက် ဒေသခံတွေကို အရေးပေါ်  ပြန်ဖြည့်ပေးနေရတယ်လို့ ဆိုပါတယ်။

ရေမကျသေးတဲ့ဘက်က စစ်ရှောင်စခန်းတွေမှာလည်း ယားနာနဲ့ ၀မ်းပျက်၀မ်းလျှောရောဂါတွေ တွေ့လာနေရပြီဖြစ်တဲ့အတွက် ဆေး၀ါးအကူအညီနဲ့ အိမ်သာဆောက်ဖို့ အပိုင်းတွေမှာ အလှူရှင်တွေ လိုအပ်နေပါတယ်။

Emergency Response Coordination Team ဥက္ကဋ္ဌ မော်လူမြာက “ဒီရေကြီးပြီး ရေကျလာတဲ့နောက်ပိုင်းမှာ ယားနာတွေ တော်တော်များများဖြစ်တယ်ပေါ့နော်။ အခုဆိုရင် ရေမကျသေးတဲ့ နေရာမှာလည်းရှိတယ်။ ရေမကျသေးတော့ စပါးတွေဘာတွေ နည်းနည်း ပြန်ယူလို့ရတဲ့ဟာမျိုးတွေဆိုရင် သူတို့က ရေထဲကနေပြီးတော့ သွားဆယ်၊ နည်းနည်းစီ ပြန်ရရင် နည်းနည်းချင်းစီ ပြန်သယ်တော့ သူတို့ယားနာတွေဖြစ် ကြတယ်ပေါ့နော်။ ရေထဲမှာ သွားလာရတဲ့အတွက် နောက်ဆက်တွဲက ယားနာတဲ့ဟာတွေပေါ့နော်။ ၀မ်းပျက် ၀မ်းလျှောတွေ အဲဒီလိုမျိုးကိစ္စတွေက ရှိလာတယ်ပေါ့နော်၊ ဆေး၀ါးနဲ့ပတ်သက်ရင်လည်း စစ်ရှောင်စခန်းတွေမှာက ဆေးခန်းက မရှိဘူးလေနော်၊ အပြင်ကနေပြီးလာပြီးတော့ ကြည့်ပေးရတဲ့ဟာမျိုးတွေ ဆေးခန်း တခါတလေ ဖွင့်တဲ့ဟာမျိုးတွေမှာ ဆေးတောင်းရတာမျိုးတွေ၊ ဆေး၀ါးတော့ လုံလောက်မှု မရှိဘူးဆိုတဲ့ဟာမျိုးတွေ တွေ့ရတယ်ပေါ့နော်” လို့ ပြောပါတယ်။

ရေမကျသေးတဲ့ဘက်တွေခြမ်းမှာလည်း အလှူရှင်တွေ လာလှူတဲ့အခါ စစ်ကောင်စီဘက်ကိုသာ ရောက်သွားတာများတဲ့အတွက် လိုအပ်နေတဲ့နေရာတွေကို အလှူရှင်တွေ ရောက်မလာနိုင်ဘူးလို့ ကရင်နီပြည်ဘက်မှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကျေးလက်မြေတာ၀န်ခံ ကိုဇော်မင်းထိုက်က  ပြောပါတယ်။

“ဒါက ပြည်သူတွေဆီကနေ အလှူခံရရှိတဲ့၊ နိုင်ငံတကာပေါင်းစုံ ပြည်နယ်ပေါင်းစုံ ပြည်တွင်းပြည်ပရှိတဲ့ အလှူရှင်တွေက ပြည်သူကနေ ပြည်သူထံကိုလှူဒါန်းဖို့ ကူညီဖို့ ငွေပေးလိုက်တဲ့အချိန်မှာ နောက်ဆုံး စစ်ကောင်စီလိုကောင်မျိုးလက်ထဲကို လုံး၀ ငွေရောက်စရာ အကြောင်းမရှိဘူးလေနော်။ အဲ့ဒါကြောင့် လှူမယ်ဆိုလို့ရှိရင် ဘယ်လို နေရာမျိုးတွေမှာ လှူရမလဲဆိုတော့ အခု နန်းမယ်ခုံမြို့နယ်တကြောမှာရှိတဲ့ ဘုရားဖြူကျေးရွာ၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာ အစရှိတဲ့ ကျေးရွာတွေ အအများကြီးရှိပါတယ်။ လှူဒါန်းမယ်ဆိုရင် တကယ့်ကို သူတို့တွေက ခက်ခဲတယ်၊ ကျပ်တည်းတယ်။ ဘာ‌ကြောင့် အဲ့လိုပြောလဲဆိုရင် သူတို့စိုက်ပျိုးထားတဲ့ စပါးခင်းတွေက ရေအောက်ကို ရောက်ကုန်တယ်၊ နောက် ကြက်ခြံတွေ ရေအောက်ကို ရောက်ကုန်တာရှိတယ်။ နောက် တခုက သူတို့ နေ့စဥ်စားဖို့ သောက်ဖို့ မလွယ်ကူတော့တဲ့အချိန်မှာ သူတို့ဆီ မရောက်ဘူးဆိုတော့ စိတ်မကောင်းဖြစ်ရပါတယ်။ အဓိကတချက်ပြောချင်တာက ပြည်သူထံကိုရောက်ဖို့ပဲ၊ တကယ်ကိုလိုအပ်နေတဲ့ ပြည်သူထံကို ပြည့်ပြည့်၀၀ရောက်စေချင်တာပါ။”

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကလည်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ လယ်တွေ အတွက် မျိုးစပါးနဲ့ ဆေး၀ါးထောက်ပံ့ဖို့နဲ့ ငွေကြေးကူညီတာတွေ လိုအပ်နေတယ်လို့ အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံ၊ လွိုင်ကော်၊ နန်းမယ်ခုံ၊ ဒီးဘောင်းခူ၊ ဒီးမော့ဆို၊ ဟိုယာ၊ ဘော်လခဲ၊ မော်ချီး၊ ရှားတောနဲ့ မယ်စဲ့ စတဲ့နေရာတွေမှာ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေဖြစ်ခဲ့ပြီး စစ်ဘေးဒုက္ခသည်စခန်း ၁၆ ခုနဲ့ ကျေးရွာ ၅၄ ရွာက လူဦးရေ ၃၀၀၀၀ လောက် ရေဘေးသင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013