DVB Logo
Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာဒရုန်းကြောင့် အစ္စရေး စစ်သား ၄ ဦးသေဆုံး၊ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာဥမင်ကို အစ္စရေးပြသ
DVB
·
October 14, 2024
ဟစ်ဇ်ဘိုလာဒရုန်းကြောင့် အစ္စရေး စစ်သား ၄ ဦးသေဆုံး၊ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာဥမင်ကို အစ္စရေးပြသ
Donate to DVB

အစ္စရေးနိုင်ငံတွင်းက စစ်စခန်းတခုကို ဟစ်ဇ်ဘိုလာတပ်ဖွဲ့ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား ၄ ယောက် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒေသစံတော်ချိန် တနင်္ဂနွေနေ့ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ စစ်ပွဲ စပြီးနောက်ပိုင်း အစ္စရေးမြေပေါ်မှာ အထိအခိုက်အများဆုံး တိုက်ခိုက်ခံရမှု ဖြစ်ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့က လွှတ်တင်လိုက်တဲ့ လူမဲ့လေယာဉ် (UAV) တစင်းဟာ တဲလ်အဗစ်မြို့ မြောက်ဘက်၊ လက်ဘနွန်နယ်စပ်က မိုင် ၄၀ ပဲဝေးတဲ့ ဘင်ယာမီနာမြို့နဲ့ ထိစပ်နေတဲ့ အစ္စရေး စစ်စခန်းကို ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရထားသူတွေအနက် စစ်သား ၇ ယောက်ဟာ ဒဏ်ရာရပြင်းထန်တယ်လို့လည်း သိရပါတယ်။

ဘင်ယာမီနာက အစ္စရေးခြေလျင်တပ် လေ့ကျင့်ရေးစခန်းကို ဒရုန်းအမြောက်အမြားနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း ဟစ်ဇ်ဘိုလာအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အစ္စရေးဟာ လက်ဘနွန်နိုင်ငံထဲကိုပါ ဝင်ရောက်ပြီး ဟစ်ဇ်ဘိုလာတွေကို ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အစ္စရေးတပ်တွေ ပြန်ဆုတ်ရင်တောင် လက်ဘနွန်တောင်ပိုင်း နယ်စပ်ရွာတွေထဲကို ဟစ်ဇ်ဘိုလာအဖွဲ့တွေ ပြန်ဝင်လာမှာကို လက်ခံသွားမှာမဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့်က ပြောထားပါတယ်။

ဟစ်ဇ်ဘိုလာတွေကလည်း ကွယ်လွန်သူ ခေါင်းဆောင်ကြီး နာဆာရဲလားက  ကိုယ့်ပြည်သူ၊ မိသားစု၊ နိုင်ငံ၊ တန်ဖိုးထားမှုနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ကြဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုမက်ဆေ့ဂျ်တခုကိုလည်း အီရန်နောက်ခံပေးထားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

လက်ဘနွန်တောင်ပိုင်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်စခန်းကနေ မီတာ ၂၀၀ ပဲဝေးတဲ့ နေရာမှာ ရှိနေတဲ့ ဟစ်ဇ်ဘိုလာတပ်တွေရဲ့ ဥမင်လို့ပြောတဲ့ နေရာကို အစ္စရေးစစ်တပ်က သတင်းထောက်တွေကို အောက်တိုဘာ ၁၃ ရက်မှာ ခေါ်ပြလိုက်ပါတယ်။

အစ္စရေးတင့်ကားတွေက လက်ဘနွန်နိုင်ငံထဲက ကုလငြိမ်းချမ်းရေး တပ်စခန်းထဲကို ချိုးဖျက် ဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ခုလို ခေါ်ပြခဲ့တာပါ။

ဟစ်ဇ်ဘိုလာတွေ တည်ဆောက်ခဲ့တဲ့ အဆောက်အဦဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ရဲ့ အစိတ်အပိုင်းတိုင်းနဲ့ ဆန့်ကျင်ပြီး ကုလသမဂ္ဂရုံးနဲ့  တကယ့်ကို အင်မတန်နီးကပ်နေတဲ့ ဟစ်ဇ်ဘိုလာတွေရဲ့ စစ်အခြေစိုက်စခန်းထဲမှာ ရှိနေတာလို့ ဗိုလ်မှူးချုပ် ယက်ဖ်တက်ခ် နော်ကင်က ပြောပါတယ်။

လက်ဘနွန်စစ်တပ်က အစ္စရေးနဲ့ သူ့ရဲ့ တောင်ဘက်နယ်စပ်ဒေသကို လက်ဘနွန်အစိုးရက လွဲလို့ လက်နက်တွေနဲ့ တခြား လက်နက်ကိုင်တပ်သားတွေ ကင်းစင်စေရေး ကူညီဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၀၁ ကို ၂၀၀၆ ခုနှစ်မှာ အတည်ပြုခဲ့တာပါ။

ဒါပေမဲ့ အစ္စရေးရော လက်ဘနွန်ပါ နှစ်ဖက်စလုံးက ဆုံးဖြတ်ချက် ၁၇၀၁ ကို ကာလရှည်ကြာ ချိုးဖောက်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ခရီးစဉ်ထဲမှာ အစ္စရေးစစ်တပ်က တိုက်ပွဲအတွင်း ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်တွေ အစ္စရေးနိုင်ငံထဲ ဝင်နိုင်ရေးအတွက် ဂိတ်ပေါက်တခုကို ဖောက်ခွဲဖို့ ဒီဇိုင်းထုတ်ထားတဲ့ အီရန်ရဲ့ ကြံဖန် ဖန်တီးထားတဲ့ ဖောက်ခွဲရေးပစ္စည်း IED ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောထားတဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း ပြသခဲ့ပါတယ်။

အစ္စရေးရဲ့ မာခါဗာ တင့်ကား ၂ စီးက ကုလ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ UNIFIL ရဲ့ ပင်မတံခါးပေါက်ကို ဖျက်ဆီးခဲ့ပြီး တနင်္ဂနွေနေ့မနက် အရုဏ်မတက်မီမှာ တင့်ကားတွေ ထွက်ခွာသွားခဲ့တယ်၊ အဲဒီနောက် ကျည်ဆန်တွေ မီတာ ၁၀၀ အကွာမှာ ပေါက်ကွဲသွားတယ်လို့ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် အခြေစိုက်စခန်းတခုလုံး မီးခိုးတွေဖုံးခဲ့ပြီး ကုလသမဂ္ဂဝန်ထမ်းတွေ နေမကောင်းဖြစ်ခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013