DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းတို့တွင် နေ့စဉ်တိုက်ပွဲများဖြစ်ပွား
DVB
·
October 14, 2024
မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းတို့တွင် နေ့စဉ်တိုက်ပွဲများဖြစ်ပွား
Donate to DVB

မန္တလေးတိုင်းမှာ စစ်ကောင်စီတပ်က စခန်းတွေ ပြန်သိမ်းဖို့ ကြိုးစားနေတာကြောင့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေမှာ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီက စက်တင်ဘာ ၂၁ ရက်ကစပြီး မန္တလေးတိုင်း၊ မတ္တရာနယ် PDF ထိန်းချုပ်နယ်မြေတွေကို မြေပြင်စစ်ကြောင်းပြန်ထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက် ပြုလုပ်နေတာပါ။

အောက်တိုဘာ ၁၁ ရက်က မတ္တရာနယ် ဝေါစုရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်တာကြောင့် ရဟန်း ၃ ပါးနဲ့ ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ နောက်တရက်မှာ မတ္တရာနယ် ထန်းပင်ကုန်းရွာနဲ့ တုံကုန်းရွာတွေကို လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီက PDF တွေ သိမ်းယူထားတဲ့ စခန်းတွေကို ပြန်သိမ်းဖို့ ကြိုးစားနေတာကြောင့် မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျဉ်းနယ်တွေမှာ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တိုက်ပွဲတွေကနေ စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ အောက်တိုဘာ ၁၃ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေးက ထုတ်ပြန်ပါတယ်။

မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “မတ္တရာမြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ထန်းပင်ကုန်းရွာပေါ့၊ ပုသိမ်ကြီးမြို့နယ်အစပ် အဲဒီနေရာရယ်၊ မတ္တရာမြို့ရဲ့မြောက်ဘက် ပန်းယျရဲ့ အနောက်ဘက်ကျမယ်၊ တုံကုန်းရွာရယ်ပေါ်မှာလည်း စကစ လေကြောင်းတိုက်ခိုက်မှု တကြိမ်စီ လုပ်သွားတယ်လို့ သိရတယ်။ စကစက မတ္တရာကို ဘာဖြစ်လို့ ဒီလိုမျိုး ပြန်ပြီးလုပ်နေသလဲဆိုတော့ မန္တလေးကို ကာချင်တာ အဓိကပဲ။ အဓိက သူတို့သွေးပျက်နေတာ ကြာပြီ။ တုန်လှုပ်ချောက်ချားနေတာလည်း ကြာပြီ။ စစ်ရဲ့ သဘောတရားအရ ခံစစ်ကိုပြင်ချင်ရင် ထိုးစစ်နဲ့စ ဆိုတဲ့ပုံစံမျိုး သူတို့လုပ်နေတာ ဖြစ်တယ်လို့ သုံးသပ်လို့ရတယ်။ သို့သော် ဘယ်လိုလုပ်လုပ် အခိုက်အတန့်သာလျှင် ဖြစ်မယ်။ သူတို့လုပ်နေတာသည် အရှက်ပြေလုပ်နေတာ၊ ရှက်ကြောပြတ်နေသူတွေရဲ့ အလုပ်မျိုးသာလျှင် ဖြစ်တယ်။ နဂိုကတည်းကလည်း ရွံရှာပြီးသား စက်ဆုပ်ပြီးသားလည်း ဖြစ်တယ်။ ပိုမိုတဲ့ ရွံရှာစက်ဆုပ်မှုတွေကို ရရှိမှာပဲဖြစ်တယ်။ ဘယ်တော့မှလည်း အဲဒီစကစတွေဟာ အောင်မြင်မှာလည်း မဟုတ်ဘူး။ အဓမ္မဘက်တော်သားတွေ ကျကို ကျဆုံးရမယ်။ နွေဦးတော်လှန်ရေး အောင်ကို အောင်မြင်ရမယ်” လို့ ပြောပါတယ်။

ဇွန် ၂၅ ရက်မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ဒေသတွင်း စစ်ဆင်ရေးတွေကို တပြိုင်တည်း ဆောင်ရွက်ခဲ့ပြီး ရည်မှန်းထားတဲ့ စစ်ရေးပစ်မှတ်တွေ အားလုံးကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါအပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်-လပခ တည်ရှိရာ မန္တလေးမြို့ကို သိမ်းယူနိုင်ဖို့အထိ အလားအလာတွေ ရှိနေခဲ့တာပါ။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ မိုးထက်နေက “လက်လုပ်တို့ ခါးချိုးတို့ကနေစပြီး နောက်ပိုင်း မောင်းပြန်သေနတ်တွေ သုံးလာနိုင်တယ်။ ဒုံးတွေ သုံးလာနိုင်တယ်။ ဒီလိုမျိုးဖြစ်တော့ ကျနော်တို့ မဖြစ်နိုင်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ အချိန်ဘယ်လောက်လဲ၊ ဘယ်လောက်လွယ်မလဲဆိုတဲ့ ကိစ္စမျိုးမှာတော့ စိန်ခေါ်ချက်တွေတော့ ရှိတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့မှာဖြစ်သွားတဲ့ လောက်ကိုင်သိမ်းနိုင်တယ်။ လားရှိုး၊ နောင်ချို သိမ်းနိုင်တယ်ဆိုတာ ကျနော်တို့က ဒီထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တာတို့ ဘာတို့ ကောင်းကောင်း လုပ်နိုင်တယ်ပေါ့ဗျာ။ သွားမယ့်လမ်းကြောင်းတွေကို ကြိုဖြတ်တာတို့ ဘာတို့ လုပ်နိုင်တယ်။ မန္တလေးကတော့ ကျနော်တို့ မိတ္ထီလာခံစစ်လွင်ပြင် အဲဒီဟာနဲ့က တဆက်စပ်တည်း ဖြစ်နေတယ်။ တောင်ပေါ်ဒေသ မဟုတ်တဲ့အတွက် လမ်းကြောင်းတွေကလည်း အများကြီးပွင့်တာပေါ့ဗျာ။ ထောက်ပံ့ရေးလမ်းကြောင်းတွေ။ ကျနော်တို့ မြေပုံတွေကြည့်လိုက်ရင်လည်း သိမှာပါ။ လက်နက်စက်ရုံတွေနဲ့လည်း ဘယ်လမ်းကနေသွားသွား သွားလို့ရတယ်ပေါ့ဗျာ။ မကွေးတို့ ပြည်တို့ဘက်ကနေ လမ်းပေါင်းအများကြီး ရှိတာကိုး။ အဲ့လိုမျိုးတွေကတော့ အခက်အခဲတွေ အများကြီး ရှိနိုင်တာပေါ့။ မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။ ဒါပေမဲ့ ဝင်ဆောင့်ဖို့ ဘာတို့ဆိုတာတော့ လားရှိုးတို့ လောက်ကိုင်တို့ထက်စာရင်တော့ အများကြီး ပိုအားထုတ်ရမယ်၊ ပိုပြင်ဆင်ရမယ် လို့တော့ ကျနော် အဲဒီလိုနားလည်ပါတယ်” လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ခဲ့တဲ့ ဇွန် ၂၅ ရက် နောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက သပိတ်ကျဉ်းမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်း ၈ ခု၊ မတ္တရာမြို့နယ်ထဲက တပ်စခန်း ၃၅ ခုနဲ့ စဉ့်ကူးမြို့နယ်ထဲက တပ်စခန်း အားလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာခဲ့တာပါ။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ပူးပေါင်းပြီး ရှမ်း-မန်းနယ်စပ် မိုးမိတ်၊ နောင်ချို၊ မိုးကုတ်နဲ့ စဉ်ကူးမြို့တွေကို မန္တလေ းPDF က သိမ်းယူထားပြီး လက်ရှိအချိန်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက သိမ်းယူထားတဲ့ တပ်စခန်းတွေကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013