
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ လက်နက်ကိုင်လူတွေရဲ့ ပစ်ခတ်ခံရတာကြောင့်လူ ၅ ယောက် သေဆုံး၊ ၂ ယောက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၂၀ ရက်၊ ည ၇ နာရီလောက်က စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာက ဦးထွန်းထွန်ဝင်းရဲ့ နေအိမ်ထဲကို လက်နက်ကိုင်ထားသူ ၆ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ရောက်ရှိလာပြီး နေအိမ် အတွင်းရှိနေတဲ့လူ ၇ ယောက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ပစ်ခတ်ခံရတာကြောင့် ဦးထွန်းထွန်းဝင်း၊ ဇနီးဖြစ်သူ ဒေါ်ဇာခြည်ဝင်း၊ ယောက္ခမဖြစ်သူ ဒေါ်ဝင်းမြိုင် နဲ့ တရွာတည်းနေ ဦးရှမ်းလေး၊ ဦးထွန်းမြင့်အောင်တို့ ၅ ယောက် သေဆုံးခဲ့ပြီး တရွာတည်းနေ ကိုမင်းမင်းနဲ့ ကိုဇင်မင်းအောင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိသူတယောက်က “သေဆုံးသူတွေနဲ့ဒဏ်ရာ ရသွားတဲ့သူတွေက တနေရာတည်းမှာ စကားပြောနေတုန်း ပစ်သတ်ခံရတာ။ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၃ ယောက်ပါ။ တခါတည်း ပွဲချင်းပြီး သေဆုံးသွားတယ်” လို့ပြောပါတယ်။
အသက် ၃၀ ကျော်အရွယ် ကိုမင်းမင်းနဲ့ အသက် ၂၅ နှစ်အရွယ် ကိုဇင်မင်းအောင်တို့မှာ ဝမ်းဗိုက်၊ လက်နဲ့ ရင်ဘတ် စတဲ့နေရာတွေမှာဒဏ်ရာတွေ ရရှိပြီး စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ပစ်ခတ်သတ်ဖြတ်ခံရတဲ့ သူတွေက သာမာန် အရပ်သား တွေလို့ပဲ သိရပါတယ်။ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိသေးပါဘူး။ စဉ့်ကူးဘက်မှာက လည်း အဖွဲ့စုံရှိတယ်လေ” လို့ ပြောပါတယ်။
ပင်လယ်ကြီးကျေးရွာက လူ ၇ ယောက် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက လိုက်လံစစ်ဆေးစုံစမ်းနေတယ်လို့ဒေသခံတွေကဆိုပြီး အခု သြဂုတ် ၂၂ ရက် မနက်ပိုင်း အထိ စဉ့်ကူးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ ဒေသတွင်း အဖွဲ့တွေဘက်က တစုံတရာ ထုတ်ပြန်တာ လည်း မရှိသေးပါဘူး။











