
မန္တလေးတိုင်း စဥ့်ကူးမြို့နယ် စဥ့်အိုးကျွန်းပေါ်က စစ်ရှောင်တဲတွေကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၁၈ ရက် ညနေ ၆ နာရီ ၁၆ မိနစ်က ဒရုန်းယာဉ်နဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခုလို ဗုံးကြဲချလို့ အရပ်သား ၃ ယောက် သေဆုံးခဲ့သလို ၅ နှစ်အရွယ် ကလေးငယ်တယောက်နဲ့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “ကျနော်တို့ စစ်ကောင်စီစစ်ကြောင်းလာလို့ ကျွန်းပေါ်မှာ စစ်ရှောင်နေတာကို စစ်တပ်က ဒရုန်းယာဉ်နဲ့ ဗုံးသီးကြဲချ တိုက်ခိုက်သွားတာဗျာ။ အတော်ကို ယုတ်မာတဲ့ကောင်တွေပါ။ ဒရုန်းယာဉ်နဲ့ ၂ ကြိမ် လာကြဲချသွားတာဗျ။ အဲလိုကြဲချတော့ဗျာ ၅၅ နှစ်ခန့် အမျိုးသားတဦး၊ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ရတယ်ဗျ။ နောက်ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် အမျိုးသမီး ၄ ဦး ထိခိုက်ပြီး အသက် ၄၅ ဝန်းကျင် အမျိုးသမီးတဦးကတော့ ဒဏ်ရာပြင်းထန်တယ်ဗျ” လို့ ပြောပါတယ်။
အဆိုပါ စစ်ရှောင်တွေဟာ စဥ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတွေက ပြည်သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
စဥ့်ကူးမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “စစ်တပ်က စဥ့်ကူးမြို့နယ် ရွှေဘယက် ဘုန်းတော်ကြီးကျောင်းကနေ အခု စဥ့်အိုးကျွန်းပေါ်က စစ်ရှောင်တွေကို ဒရုန်းနဲ့ ကြဲချတိုက်ခိုက်သွားတာ အတည်ဖြစ်ပါတယ်ဗျ။ ဒီကောင်တွေ မလုပ်သင့်တာကို လုပ်သွားကြတာ။ မဟုတ်တာလုပ်တာကိုက စကစရဲ့ စစ်တပ်တွေရဲ့ လုပ်ရပ်လားလို့တောင် မေးရမဲ့ကိန်းပါပဲ။ ပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က မြေပြင်စစ်ကြောင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရပြီး အကြိမ်ကြိမ် စစ်ရှုံးနေတာကြောင့် အရပ်သားနဲ့ စစ်ရေးပစ်မှတ် မခွဲခြားတော့ဘဲ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲ တိုက်ခိုက်နေပါတယ်။











