DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့ပေါ်တွင် မိသားစုဝင် ၆ ဦးကို စစ်သားများက ပစ်ခတ်သတ်ဖြတ်
DVB
·
October 13, 2024
ဘုတလင်မြို့ပေါ်တွင် မိသားစုဝင် ၆ ဦးကို စစ်သားများက ပစ်ခတ်သတ်ဖြတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ကလေးတွေ အပါအဝင် မိသားစုဝင် ၆ ယောက်ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ စစ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ငပယင်း၊ စီပါနဲ့ ကျွဲသေချောင်းကျေးရွာ အနီးဝန်းကျင်ကိုလည်း Mi-35 ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဘုတလင်မြို့ပေါ်က သင်း ကုန်စုံဆိုင်မိသားစုဝင် ၆ ယောက်ကို အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဈေးဆိုင်အတွင်း ဝင်ရောက်ပစ်ခတ် သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘုတလင် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “အဲဒီစစ်ကြောင်းမှာပါတဲ့ကောင်တွေက နမခ ကဗျ။ အင်အား ၁၀၀ နီးပါးလောက်ပါတယ်။ ဒီကောင်တွေ တော်တော်ယုတ်မာတဲ့လုပ်ရပ်ကို လုပ်သွားတာ။ သင်း-ကုန်စုံဆိုင်က လူကြီးတွေကို လက်ပြန်ကြိုးတုပ်ပြီး ခေါင်းတွေကို သေနတ်နဲ့ တေ့ပစ်သွားတယ်။ ကလေးအငယ်ဆုံးလေးကတော့ တခုခုနဲ့ ကိုင်ရိုက်ထားတဲ့ပုံစံ လက်တွေ ခြေတွေ ကျိုးနေတယ်။ တော်တော်ရက်ရက်စက်စက်ကို လုပ်သွားတာ။ သူတို့မြို့ပေါ်ကို ဝင်မွှေနေတာ။ အဖမ်းခံရပြီး ထပ်အသတ်ခံရတဲ့ ပြည်သူတွေ ရှိသေးတယ်လို့တော့ သတင်းရထားတယ်။ ဒါပေမဲ့ စုံစမ်းနေဆဲမို့အတည်မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။

ဆိုင်ရှင်တွေဖြစ်ကြတဲ့ ဦးဖိုးကြာနဲ့ ဒေါ်သင်း တို့လင်မယား၊ သားသမီးတွေဖြစ်ကြတဲ့ ၂၅ နှစ်အရွယ် သမီး ၁ ယောက်၊ ၁၆ နှစ်အရွယ် သား ၁ ယောက်၊ ၁၀ နှစ်အရွယ် ကလေး ၁ ယောက်နဲ့ ၇ နှစ်အရွယ် မွေးစားတူမ ၁ ယောက်တို့ နေရာမှာပဲ သေဆုံးသွားကြတယ်လို့ သိရပါတယ်။

ဆိုင်ထဲမှာလည်း မွှေနှောက်ပြီး ပစ္စည်းတွေ ခိုးယူသွားတယ်လို့ ဒေသခံတယောက်က ပြောပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ဘုတလင်မြို့မရဲစခန်းကို DVB က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်မှန်ကန်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာပဲ ဘုတလင်မြို့နယ်၊ ငပုယင်း၊ စည်ပါနဲ့ ကျွဲသေချောင်းကျေးရွာ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ်နဲ့ တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ငပုယင်းရွာသားတယောက်က “ကျနော်တို့ငပုယင်းရွာကို ကနဦး ပစ်တာဗျ။ လေယာဉ်နဲ့ ၉ ကြိမ် ပတ်ပြီး Rocket နဲ့ ၈ ကြိမ်၊ စက်လတ်နဲ့ ၃ ကြိမ်ပစ်သွားတယ်။ အိမ် ၅ လုံးပျက်စီးတယ်။ လူထိခိုက်မှုမရှိခဲ့ဘူးဗျ။ စည်ပါရွာနဲ့ ကျွဲသေချောင်းရွာအနီး တောတဲတွေကို နောက်တကြိမ် ပစ်သွားသေးတယ်။ ထိခိုက်မှုတော့ ဘာမှမဖြစ်ဘူး” လို့ ပြောပါတယ်။

တိုက်ပွဲမရှိဘဲ လာရောက်ပစ်ခတ်တာဖြစ်ပြီး အဲဒီရွာတွေက ဒေသခံတွေကတော့ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတယောက်က “ဒီကောင်တွေ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က စစ်ကြောင်းကို ကျနော်တို့ဘက်က အနိုင်တိုက်နိုင်ပြီး စစ်ကြောင်း အကုန်လုံးပျောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့အထက်လူကြီးက အထောင်းခံရလို့ အခုလို ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေကို လေယာဉ်နဲ့ပစ်ခတ်‌နေတာ ဖြစ်နိုင်တယ်ဗျ။ နောက်ပြီး ဘုတလင်မြို့က စစ်ကြောင်းက နယ်တွေဘက်ထွက်ဖို့ စစ်ရေးပြင်ဆင်မှုတွေရှိနေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကလည်း ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျောက်အိုး (မြောက်) ကျေးရွာကို ဝင်ရောက်ကာ လူနေအိမ်တွေကိုမီးရှို့ပြီး ဒေသခံပြည်သူ ၂၀ နီးပါးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ပါသေးတယ်။

စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကနေ ဘုတလင်မြို့ကို ပြန်လာတဲ့ အင်အား ၈၀ ကျော်ပါစစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ချေမှုန်းခဲ့လို့ စစ်ကောင်စီတပ်သား ၃၃ ယောက် သေဆုံး၊ ဗိုလ်ကြီး ၂ ယောက် အပါအဝင် စစ်သုံ့ပန်း ၄၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၅၆ လက်နဲ့အတူ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013