ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံရဲ့ G7 ထိပ်သီးအစည်းအဝေးကို ပြင်သစ်နိုင်ငံမှာ ဇွန် ၁၅ ရက်ကနေ ၁၇ ရက်အထိ ၃ ရက်တာ ကျင်းပနေပြီ ဖြစ်ပါတယ်။
အဲဒီမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အီရန်စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်နဲ့ သက်ရောက်မှုတွေကို G7 နိုင်ငံ့ခေါင်းဆောင်တွေက အဓိကထား ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
ဒါ့အပြင် ကမ္ဘာ့စီးပွားရေးမညီမျှမှု ကန့်သတ်လျှော့ချရေးကနေ ဒစ်ဂျစ်တယ်ကဏ္ဍ၊ အထူးသဖြင့် AI နည်းပညာကို ပိုမိုထိန်းချုပ်နိုင်ရေးအထိ အကဲဆတ်တဲ့ ကိစ္စရပ်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။
လာမဲ့နှစ်အတွင်း ရာထူးကနေ ဆင်းပေးရတော့မဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်း အတွက်လည်း နိုင်ငံတကာအလယ်မှာ သူ့ရပ်တည်ချက်ကို နောက်ဆုံးမြှင့်တင်နိုင်မဲ့ အခွင့်အရေး ဖြစ်ပါတယ်။
အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်နဲ့ ဂျပန် စတဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် ဘရာဇီး၊ အီဂျစ်၊ အိန္ဒိယ၊ ကင်ညာနဲ့ တောင်ကိုရီးယား နိုင်ငံ့ခေါင်းဆောင်တွေပါ အစည်းအဝေး တက်ရောက်မှာပါ။
အလားတူ ယူကရိန်း အရေးအတွက် သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ အီရန်အရေးအတွက် အီဂျစ်သမ္မတ အယ်လ်-စီစီ အပါအဝင် အာရပ်နိုင်ငံ ခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ ဆွေးနွေးပွဲအလိုက် တက်ရောက်ဖို့ရှိနေပါတယ်။
G7 အစည်းအဝေး ကျင်းပရာ အိုင်ဗီယန် လေ ဘန်စ်အပန်းဖြေမြို့ငယ်လေးမှာ ကျယ်ကျယ်ပြန့်ပြန့် လုံခြုံရေး တင်းကျပ်ထားသလို ရဲနဲ့ စစ်သား ထောင်နဲ့ချီအောင်လည်း နေရာချထားပါတယ်။
ဇွန် ၁၄ ရက်တုန်းက ဂျီနီဗာ ရေကန်ရဲ့ တဖက်ခြမ်း ဆွစ်ဇာလန်နိုင်ငံမှာ G7 ထိပ်သီးအစည်းအဝေးကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါသေးတယ်။
တချိန်တည်းမှာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားအပေါ် ဖိအားပေးဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်း ဥရောပသမဂ္ဂရော ကနေဒါအနေနဲ့ပါ တိုက်တွန်းသွားဖို့ ရှိနေပါတယ်။
ဒါဟာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှု ၄ နှစ်ကျော် ကြာမြင့်လာချိန်မှာ ကိယက်ဗ်ဘက်က လက်ခံနိုင်လောက်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို မော်စကိုအနေနဲ့ ဖော်ဆောင်လာအောင် ဖိအားပေးစေလိုတာ ဖြစ်ပါတယ်။
G7 အစည်းအဝေးတွေကို တက်ရောက်လေ့မရှိတဲ့ တရုတ်နိုင်ငံကတော့ အခုလည်း ပါဝင်ဦးမှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း မြေရှားသတ္တုဈေးကွက်အပေါ တရုတ်ရဲ့ လွှမ်းမိုးနိုင်စွမ်းနဲ့ ထိန်းချုပ်ထားမှု အပါအဝင် အရေးကြီးကိစ္စရပ်တွေကို G7 ခေါင်းဆောင်တွေက ဆွေးနွေးအဖြေရှာကြမှာ ဖြစ်ပါတယ်။










