Home
ဆောင်းပါး
အဆုံးသတ်ရတော့မည့် မြန်မာ့နွေဦးပန်းချီကား (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
October 12, 2024
Design-DVB

အဆုံးသတ်သင့်နေပြီဖြစ်သော မြန်မာ့နွေဦးတော်လှန်ရေးဟာ ရှုပ်ထွေးတဲ့ အစိုးရအာဏာ အလွှဲအပြောင်းတွေနဲ့ လူထုအပေါ် မညှာမတာ သက်ရောက်မှုတွေကြောင့် အဆုံးမသတ်နိုင်သေးတာ ယနေ့ထိတိုင်ပါပဲ။ လက်နက်ရှိလို့ လက်တွေ့အုပ်ချုပ်သူများနဲ့ တရားဝင်မှု အကြာင်းပြုကာ အဝေးက အုပ်ချုပ်သူများအကြား ပြည်သူလူထုဟာ နေသားကျလာပါတယ်။ အာဏာရှင်ကို အရိုးကျေကျေ အရေခန်းခန်း အခုချိန်ထိ ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်နေကြတဲ့ လူထုကြီးကလည်း ထုနဲ့ထည်နဲ့ကို တော်လှန်နေကြဆဲပါပဲ။

မြန်မာ့နွေဦး တော်လှန်ပန်းချီကားဟာ ဘာကြောင့်အဆုံးမသတ်နိုင်သေးတာလဲဆိုတဲ့ အဓိက အကြောင်းအရင်းတွေကို တူးဆွကြည့်တဲ့အခါ စစ်အာဏာရှင်စနစ် အမြစ်ခိုင်မာနေခြင်း၊ စစ်အာဏာရှင်ရဲ့ အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်မှုနဲ့ စစ်ကောင်စီဟာ တော်လှန်ရေးနဲ့ တော်လှန်ပြည်သူတို့ကို နည်းအမျိုးမျိုးနဲ့ ဖိအားပေးနေတာကြောင့် လူအများရဲ့ တော်လှန်လိုတဲ့ စိတ်ဓာတ်ကို ခက်ခဲစေတာ တွေ့ရပါတယ်။

ပြည်တွင်းအခြေအနေ

ပြည်သူလူထုအပေါ် ဖိအားတွေနဲ့ အဆမတန် အကြမ်းဖက်မှုတွေကြောင့် လူမှုရေး၊ စီးပွားရေး အခြေအနေတွေဟာ ဆိုးသထက် ဆိုးရွားလာခဲ့ရပါတယ်။

နိုင်ငံတကာကူညီမှု အခြေအနေ

တော်လှန်ရေးကို အရှိန်အဟုန်နဲ့ အားကောင်းမောင်းသန် ဆက်လက်ချီတက်နိုင်ဖို့ဟာက နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီ အထောက်အပံ့ဟာ အင်မတန် အရေးတကြီး လိုအပ်ပါတယ်။ နိုင်ငံတကာ အကူအညီဟု ဆိုရာမှာ ၂ မျိုး ရှိနိုင်ပါတယ်။ ပြည်ပရောက် မြန်မာပြည်ဖွားတွေရဲ့ အကူအညီဟာ ပိုပြီး ပဓာနကြတယ်လို့ ဆိုလိုချင်ပါတယ်။ စီမံကိန်းနဲ့ကို ကူညီကြရမှာနော်။ ရှိသမျှ ပုံအောပြီး ယုံကြည်ချက်နဲ့ကို လောင်းကြေးထပ် ကူညီရမှာနော်။ သေရင်မြေကြီး ရှင်ရင်ရွှေထီး ဆိုသလိုပါပဲ။ နောက်တမျိုးကတော့ နိုင်ငံခြားတိုင်းပြည်က မဟာမိတ်တွေရဲ့ အကူအညီတွေပါ။ ဒီအချိန်မှာ မိတ်ဆွေနိုင်ငံတွေဆီက အကူအညီတွေရဖို့ လုပ်ရမှာ တော်လှန်ရေးဘက်တော်သားတိုင်းရဲ့ တာဝန်ပါပဲ။ NUG ကတော့ အဓိက တာဝန်ပိုရှိပါတယ်။

ပြည်သူလူထုနဲ့ ညှိနှိုင်းနိုင်မှု အခြေအနေ

ဒီအချက်က အလွန်အရေးကြီးတဲ့ အချက်ပါ။ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အဖွဲအစည်းတွေနဲ့ တော်လှန်ပြည်သူလူထုအကြား ညှိနှိုင်းမှုယန္တရားတွေ ကောင်းကောင်း ရှိမနေခြင်းကလည်း နွေဦးပန်းချီကားကို အဆုံးသတ်ဖို့ အများကြီး အခက်အခဲ ဖြစ်စေပါတယ်။

အထက်က အဓိကအချက်တွေကြောင့်ပဲ မြန်မာ့နွေဦးတော်လှန်ရေးဟာ လက်ရှိအခြေအနေမှာပဲ ရှိနေပြီး အဆုံးမသတ်နိုင် ဖြစ်နေရတာပါ။ ဒီလိုဆိုရင် တော်လှန်ရေးကို အောင်မြင်စေဖို့  မြန်မာ့နွေဦးတော်လှန်ပန်းချီကားကို အဆုံးသတ်နိုင်ဖို့ နည်းလမ်းတွေရော မရှိဘူးလားဆိုတော့ ရှိပါတယ်။

နွေဦးတော်လှန်ရေးပန်းချီကား လှလှပပ အဆုံးသတ်နိုင်ဖို့  ဦးစားပေးလုပ်သင့်တဲ့ အရာတွေကတော့…

ညှိနှိုင်းမှု ယန္တရား

တော်လှန်ရေးအဖွဲ့အစည်းတွေအကြား အမျိုးမျိုးအဖုံဖုံ ညှိနှိုင်းမှုတွေကို တိုးမြှင့် လုပ်ဆောင်ကြရမယ်။

ညီညွတ်မှုရှိပြီး လူထုယုံကြည်မှုအားကောင်းတဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကို ဆွဲဆောင် စည်းရုံးရပါမယ်။

ကျန်းမာရေးနှင့် လူမှုရေး

ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ လူမှုရေး ကိစ္စများကို ဦးစားပေးပြီး လုပ်ဆောင်ကြပါ။ လူထုရဲ့ ဒုက္ခအခက်အခဲတွေကို ကူညီမှုတွေနဲ့ တော်လှန်ပြည်သူလူထုကို အားပေးကာ ဖေးမပေးကြပါ။ လူထုဒုက္ခကို ကိုယ့်မှာဖြစ်နေတဲ့ ဒုက္ခကဲ့သို့ မျှဝေခံစားပေးပါ။ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံမှု ယန္တရားတွေကို အချိန်နဲ့တပြေးညီ အားကောင်းအောင် တည်ဆောက်ပေးနိုင်အောင် ကြိုးစားကြပါ။

သတင်းစကားအခြေခံကောင်းတွေ ဖန်တီးပေးခြင်း

တော်လှန်ပြည်သူလူထုအတွက် သတင်းအချက်အလက်များကို လွတ်လပ်စွာ ရယူစားသုံးခွင့် ပေးပါ။ အကြမ်းဖက်မှုများနဲ့ စစ်ရေးဆိုင်ရာ အခြေအနေများကို အသိနောက်မကျစေဖို့ အထူးသတိပေးရန် အရေးကြီးပါတယ်။

နိုင်ငံတကာမဟာမိတ် ဆံဆက်ရေးကောင်း ထူထောင်ပါ

နိုင်ငံတကာရဲ့ အထောက်အပံ့ရရှိဖို့ မဟာမိတ်တွေကို တိုက်တွန်းပါ။ လူမှုရေး၊ စီးပွားရေး ကူညီမှုများကို ရယူပြီး ပြည်သူလူထုဆီ အဖိတ်အစင်မရှိရောက်အောင် ကြိုးစားပါ။

လူထုသိမြင်မှု

တော်လှန်ပြည်သူလူထုကို တော်လှန်ရေးအပေါ် သဘောတူညီမှုရှိနေစေဖို့ အသိပညာပေးမှုတွေ အမြဲမပြတ် လုပ်ဆောင်နေကြရပါမယ်။ ပြည်သူဟာ မီးဝေးချိတ် မဖြစ်စေရပါ။ တော်လှန်ပြည်သူလူထုရဲ့အားကို လိုတဲ့အချိန် ထုတ်သုံးနိုင်နေရမယ်။ လူအများကို တော်လှန်ရေးနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေနဲ့ သိရှိနေစေဖို့ အရေးကြီးပါတယ်။

ပညာရေးနဲ့ အရည်အသွေး မြှင့်တင်ပေးထားခြင်း

တော်လှန်ပြည်သူလူထုရဲ့ ပညာရေးနဲ့ အရည်အသွေးတွေကို မြှင့်တင်ပေးထားဖို့ အလွန်အရေးကြီးလှပါတယ်။ ကျနော့်အတွေ့အကြုံအရဆိုရင် စစ်ပညာအခြေခံသင်တန်းတွေမှာ စာပေအချိန်တော့ လူမြင်ကောင်းအောင် ထည့်ထားပေမဲ့ တကယ်တမ်းတော့ သင်တန်းမှာ လူငယ်တွေအတွက် စာကြည့်တိုက်လည်းမရှိ၊ စာအုပ်တွေလည်း ရှိမနေတာမျိုး။ အဲဒါမျိုး ဖြစ်မနေဖို့ တာဝန်ယူထားတဲ့ ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ တော်လှန်ရေးမှာ အသိဉာဏ်ပညာရဲ့အားကို လျှော့တွက်ထားလို့ မရပါဘူး။ ပညာရေးက တော်လှန်ရေးရဲ့ အခြေခံအဆောက်အအုံ ဖြစ်နေရပါမယ်။ ပညာနဲ့ပဲ တော်လှန်ရေးကို အဆုံးသတ်နိုင်မယ်ဆိုတာ ယုံကြည်ဖို့ ပြုစုပျိုးထောင်ပေးရပါမယ်။

အထက်ပါအချက်တွေကို လိုက်နာဆောင်ရွက်ခြင်းဖြင့်လည်း မြန်မာ့နွေဦးတော်လှန်ရေးကို အောင်မြင်စေရန် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

အခုနောက်ဆုံး အနှစ်ချုပ် ပြောချင်တာကတော့ လက်ရှိ မြန်မာပြည်တွင်း တော်လှန်ရေး အရှိန်အဟုန်ကို  အားနည်းချည့်နဲ့စေတာတွေဟာ ဘာတွေလဲဆိုတာ အနည်းငယ် ဝေဖန်စောကြောကြည့်ရအောင်ပါ။ အမျိုးမျိုးသော အကြောင်းအရင်းတွေတော့ ရှိနိုင်ပါတယ်။ အကြောင်းအရာ တခုနဲ့တခုဟာလည်း ဆက်စပ်နေပါတယ်။

စစ်အုပ်စုဟာ သာလွန်အင်အားသုံးခြင်း

စစ်အုပ်စုက လက်နက်ကြီး လက်နက်ငယ်များကို အသုံးပြုပြီး တိုက်ပွဲတွေမှာ အင်အားကို အလွန်အကျွံ သာလွန်အင်အားသုံးနေတဲ့အတွက် ပြည်သူ့တော်လှန်ရေးအဖွဲ့တွေအတွက် လူသူ လက်နက်အင်အား ပြန်တိုးပွားဖို့ အခက်အခဲ ကြုံနေရပါတယ်။

အရင်းအမြစ်နဲ့ ထောက်ပံ့ရေးချို့တဲ့မှု

တော်လှန်ရေးအဖွဲ့တွေဟာ လက်နက်၊ ငွေကြေးနဲ့ အထောက်အပံ့ရရှိရေးမှာ အခက်အခဲများ ရှိနေပါတယ်။ ပြည်သူတွေက ကြိုးစားပြီး စွမ်းအားဖြည့်ဆည်းပေးနေပေမဲ့လည်း မလုံလောက်ပါ။ နိုင်ငံတကာမှ ထောက်ပံ့မှု အကူအညီကလည်း မလုံလောက်သေးပါ။ တော်လှန်ရေး ကြာလာတာနဲ့အမျှ ရှေ့ဆက်ရဖို့မှာ အလွန်အားနည်းလာနိုင်ပါတယ်။ စစ်ရေးမှာ ရန်သူအကြောင်းလည်း သိရမယ်။ သိရင် တိုက်ပွဲတဝက်အောင်ပြီတဲ့။ ဒါ့ထက် ကိုယ့်တပ်အကြောင်းပါ သိရင် ၇၅ ရာနှုန်း အောင်ပြီတဲ့။

အဖွဲ့အစည်းတွင်း ပြဿနာများ

တော်လှန်ရေးအဖွဲ့အစည်းများအတွင်း ထိန်းချုပ်မှုယန္တရား မပြည့်စုံခြင်း၊ စည်းကမ်းမညီညွတ်မှုနဲ့ ညှိနှိုင်းမှု မကောင်းခြင်းတွေကြောင့် စည်းလုံးမှုနဲ့ ပေါင်းစည်းမှု အားနည်းစေပါတယ်။ ဒီအချက်ကို မပြင်နိုင်ရင် အရေးတော်ပုံရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာနိုင်ပါတယ်။

အချိန်ကြာမြင့်လာမှု

တော်လှန်ရေးလှုပ်ရှားမှုမှာ အချိန်ကြာလာတာနဲ့အမျှ အဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကျလာခြင်း၊ စွမ်းဆောင်ရည် လျော့နည်းလာခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ဒဏ်ရာရသူများနဲ့ အသက်အန္တရာယ်ရှိသူများရဲ့ စိတ်ဓာတ်ကျဆင်းမှုများလည်း ပါနိုင်ပါတယ်။ အချို့ဆို တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေလို့များ ဆုတောင်းနေကြမလား စိုးရိမ်စရာပါ။ အဲဒါဟာ တော်လှန်ရေးကာလ ကြာလာတဲ့အတွက် အရေးတော်ပုံရဲ့ ဘေးထွက်ဆိုးကျိုးလို့ မြင်ပါတယ်။

နိုင်ငံတကာက အလေးမထားမှု

နိုင်ငံတကာက ထောက်ခံမှုနဲ့ပတ်သက်ပြီး မြန်မာပြည်အတွက် အာရုံစိုက်မှု နည်းပါးလာခြင်းကလည်း တော်လှန်ရေးအခက်အခဲတွေကို မြင့်တက်စေပါတယ်။ အထောက်အပံ့ပေးနိုင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တက်ကြွမှုနည်းပါးလာရင် နွေဦးတော်လှန်ရေးရဲ့ အခြေအနေကို ပိုမိုဆိုးရွားတဲ့ ရလဒ်တွေကို ထွက်စေမှာဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ စီမံချက်များ

စစ်အုပ်စုက သံတမံရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေးအစီအစဉ်တွေကို လှည့်ဖြား အသုံးချနေတာ၊ ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲဆိုတဲ့ ဗျူဟာအရ တရုတ်နဲ့ ရုရှားကို မဟာမိတ် လုပ်ထားနိုင်တာတွေ၊ ဒေသအလိုက် လူမှုရေးပြုပြင်ရေးလုပ်ငန်းတွေကို ရေရှည် ဆက်လက်လုပ်ဆောင်လျက် ရှိနေတာတွေဟာ သူကပဲ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်နေသယောင် ထင်ယောင်ထင်မှား ဝါဒဖြန့်နေခြင်း ဖြစ်ပါတယ်။ အဲဒါတွေဟာ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေး အရှိန်အဟုန်ကို အားနည်းချည့်နဲ့စေတဲ့ အချက်တွေပါပဲ။ ဒါတွေဟာ ကျနော်တို့ မသောက်ချင်ကြတဲ့ ဆေးခါးတွေပါ။ ဒါပေမဲ့လည်း ဒါဟာ ရန်သူရဲ့ အကြာင်းတွေပါ။ မသိချင်လည်း သိကိုသိရမယ့် အကြောင်းတွေလည်း ဖြစ်ပါတယ် ရဲဘော်တို့။

ဒါတွေကို တော်လှန်ပြည်သူတွေရော တော်လှန်ရေး ဦးဆောင်သူတွေပါ အသိသတိ အမြဲကပ်ပြီး စုပေါင်းတွန်းလှန်ကြမှသာ ပြည်သူလူထုအတွက် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် အတွက် တာဝန်ကျေကြမှာဖြစ်ပါကြောင်း တပ်လှန့်လိုက်ရပါတယ် တော်လှန်သူအပေါင်းတို့ ခင်ဗျာ...။

အဆုံးသတ်တော့မည့် နွေဦးပန်းချီကားမှာ သင့်စုတ်ချက်ပါပါစေ။

အရေးတော်ပုံ မုချအောင်ရမည်။

ချစ်မင်းနွဲ့ကြည်

(သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024