DVB Logo
Home
မြန်မာသတင်း
ရမည်းသင်းတွင်  သန်းခေါင်စာရင်းကောက်သည့် စစ်သားများ မိုင်းဆွဲခံရ၊ သန်းခေါင်စာရင်းကောက်ရာ၌ မပါဝင်ရန် MBT သတိပေး
DVB
·
October 11, 2024
ရမည်းသင်းတွင်  သန်းခေါင်စာရင်းကောက်သည့် စစ်သားများ မိုင်းဆွဲခံရ၊ သန်းခေါင်စာရင်းကောက်ရာ၌ မပါဝင်ရန် MBT သတိပေး
Donate to DVB

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက်က သန်းခေါင်စာရင်းကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၁၅ ယောက် သေဆုံးတယ်လို့ ရမည်းသင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ရမည်းသင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ရွာ ၂ ရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေ စုပြီး ပတ်ဝန်းကျင်ကရွာတွေကို သန်းခေါင်စာရင်း ကောက်ဖို့ ထွက်လာတာကို နေရာ ၂ နေရာမှာ ၂ ကြိမ် မိုင်းဆွဲခဲ့လို့ ၂ နေရာပေါင်း စစ်သား ၁၅ ယောက်သေတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်က ရမည်းသင်းမြို့နယ်၊ ပေပင်ရှည်ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်သားတွေနဲ့ ပျော်ဘွယ်မြို့နယ်၊ တောင်ညောင်ကျေးရွာနဲ့ ရန်အောင်ကျေးရွာတွေမှာ တပ်စွဲနေတဲ့ စစ်သားတွေ ပူးပေါင်းပြီး အနီးအနားက ကျေးရွာတွေအတွင်း သန်းခေါင်စာရင်းကောက်ဖို့ ထွက်လာတဲ့ စစ်ကြောင်းကို မနက် ၆ နာရီခွဲဝန်းကျင်မှာ တကြိမ်နဲ့ မနက် ၈ နာရီဝန်းကျင်မှာ တကြိမ် ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရမည်းသင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “ပထမတကြိမ်က ကျောက်အိုးလေးကျေးရွာ အနောက်ဘက်မှာ ပဒေသာမိုင်း ၇ လုံး ဆွဲခဲ့တာ စစ်သား ၇ ကောင်သေတယ်။ ဒုတိယအကြိမ်က လည်ကျင်းခေါင်းရွာနဲ့ ကျောက်အိုးလေးရွာ ကြားက လမ်းပေါ်မှာ ဆွဲခဲ့တာ ၈ ကောင်သေတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်း များတယ်။ သေတာတွေကတော့ မျက်မြင်ပါပဲဗျ။ တန်းပြန်ဆုတ်ခဲ့ရလို့ လက်နက်တွေဘာတွေကတော့ ကောက်ဖို့အချိန်မရခဲ့ဘူး” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုတွေကို ရမည်းသင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပျော်ဘွယ်မြို့နယ် ညီနောင်မဟာမိတ် ၄ ဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပြင် ရမည်းသင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ တိုက်ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား ၁၅ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြတယ်လို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မတွေ့ရသလို DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်နေသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

မြင်းခြံဒေသခံတယောက်က “လက်ရှိကတော့ သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နဲ့နီးတဲ့ ရွာတွေပေါ့။ ဥပမာ စကစ စခန်း ၂ ခုရဲ့ ကြားမှာရှိတဲ့ ရွာတွေပေါ့။ အဲလိုနေရာမှာတော့ ကောက်နေတယ်။ ဒီလ ၁ ရက်နေ့တည်းက စကောက်နေတယ်” လို့ ပြောပါတယ်။

မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန် မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့အနီးက ကျေးရွာတွေအတွင်း သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်တဲ့ ဘယ်သူ့ကိုမဆို အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

MBT တပ်ဖွဲ့ တာဝန်ရှိသူက “PDF စိုးမိုးနယ်မြေမှာတော့ သန်းခေါင်စာရင်းလာကောက်တာ မရှိသေးဘူး။ လာကောက်မယ့်အသံတော့ ကြားထားပါတယ်။ ကျနော်တို့က ကြိုသတိပေးထားတာ၊ ချက်ချင်း အပြစ်ပေး အရေးယူသွားမှာပါ။ တွန့်ဆုတ်နေမှာ မဟုတ်ဘူး၊ သက်ညှာနေမှာ မဟုတ်ဘူး။ မြို့ပေါ်မှာတော့ ပျူစောထီးတွေနဲ့ လုံခြုံရေးယူပြီး သန်းခေါင်စာရင်း ကောက်နေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ စစ်ရာဇဝတ်မှုတွေကို ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတကာကို လိမ်လည်ဖို့အတွက် သူတို့စိုးမိုးအနိုင်ကျင့်နိုင်တဲ့ လက်ကျန်မြို့ရွာတွေကို သန်းခေါင်စာရင်း ကောက်ယူမှုတွေ ဇွတ်တိုးလုပ်ဆောင်နေတာလို့ MBT တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အောက်တိုဘာ ၁ ရက်ကစပြီး မြင်းခြံခရိုင်အတွင်းက မြို့တွေအပါအဝင် တနိုင်ငံလုံးမှာ စစ်ကောင်စီက အိမ်ထောင်စု လူဉီးရေသန်းခေါင်စာရင်းတွေ ကောက်ယူနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013