
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ ကျပ်သိန်းပေါင်း ၃၀,၀၀၀ လောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေး တွေကို ဆိုင်ကယ် ၃ စီး၊ လူ တယောက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီပြန်ကြားရေးက မတ် ၂၅ ရက် ညမှာ ထုတ်ပြန်ပါတယ်။
မတ် ၂၄ ရက် မနက် ၂ နာရီခွဲလောက်က ရမည်းသင်းမြို့နယ်၊ တပ်ကုန်း-ကျောက်ဆည် ခရိုင်ချင်းဆက်လမ်းပေါ်က နန်းလုံကျေးရွာနဲ့ ကျည်စုကျေးရွာကြားမှာ ပင်လောင်းမြို့နယ်ဘက် ကနေ ဆာလာအိတ်တွေ တင်ဆောင်လာတဲ့ ဆိုင်ကယ် ၃ စီးကို လုံခြုံရေးအဖွဲ့တွေက စစ်ဆေးဖို့ တားဆီးခဲ့ပေမဲ့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ထွက်ပြေးသွားတဲ့ Shayan အမျိုးအစား ဆိုင်ကယ် ၂ စီးနဲ့ Kenbo အမျိုးအစား ဆိုင်ကယ် ၁ စီးတို့ကို လိုက်လံဖမ်းဆီးရာမှာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ လူဖဲခြမ်းကျေးရွာနေ အသက် ၄၀ အရွယ် ခွန်လိမ္မာကို ဖမ်းမိခဲ့ပါတယ်။
ဆိုင်ကယ်တွေပေါ် တင်ဆောင်ထားတဲ့ ဆာလာအိတ်တွေကို ရှာဖွေစစ်ဆေးခဲ့ရာမှာ ဆာလာအိတ် ၆ အိတ်ထဲကနေ ငွေကျပ် သိန်းပေါင်း ၃၀,၀၀၀ လောက်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား သိန်း ၂၀ ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ မူးယစ်ဆေးတွေနဲ့အတူ ဖမ်းမိသူကို အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းကို လွှဲပြောင်းအပ်နှံပြီး အမှုဖွင့်ထားသလို ဆက်စပ်တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။











