DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျသို့ ဝင်လာသည့် စိတ်ကြွမူးယစ်ဆေး ၇၀ ရာခိုင်နှုန်း မြန်မာနိုင်ငံမှဖြစ်ဟု ရဲတပ်ဖွဲ့ ပြော
DVB
·
October 10, 2024
ဩစတြေးလျသို့ ဝင်လာသည့် စိတ်ကြွမူးယစ်ဆေး ၇၀ ရာခိုင်နှုန်း မြန်မာနိုင်ငံမှဖြစ်ဟု ရဲတပ်ဖွဲ့ ပြော
Donate to DVB

ဩစတြေးလျနိုင်ငံကို ဝင်ရောက်လာတဲ့ မက်သဖက်တမင်းစိတ်ကြွမူးယစ်ဆေးဝါးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသ၊ ထိုင်းနဲ့ လာအိုနယ်စပ် ရွှေ တြိဂံဒေသက လာတယ်လို့ ဩစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောတဲ့အကြောင်း Al Jazeera သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒါဟာ နိုင်ငံတွင်းကို အရှေ့တောင်အာရှဒေသကနေ ရေလမ်းကြောင်းကတဆင့် ရောက် လာတာဖြစ်ပြီး သိပ်မကြာသေးခင်က အမျိုးသား မူးယစ်ဆေးဝါး မဟာဗျူဟာ စစ်တမ်းတခုအရ အသက် ၁၄ နှစ်ပြည့်ပြီးတဲ့ ဩစတြေးလျနိုင်ငံသား အယောက် ၁၀၀ မှာ တယောက်က ပြီးခဲ့တဲ့ ၁၂ လအတွင်း စိတ်ကြွမူးယစ်ဆေးဝါးတွေ အသုံးပြုခဲ့ကြပြီး အများစုကတော့ နိုင်ငံရဲ့ မြို့ကြီးတွေမှာ အသုံးပြုခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

မက်သာအဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါးတွေရဲ့ လာရာအရင်းအမြစ်ကို အတိအကျ မပြောနိုင်ပေမဲ့ လက်ဖက်ခြောက်ပုံးတွေနဲ့ မကြာခဏဆိုသလို မှောင်ခိုသွင်းလေ့ရှိတယေလို့လည်း ဆိုပါတယ်။

ဩစတြေးလျနိုင်ငံရဲ့ ကျန်းမာရေးလှုပ်ရှားမှုတွေမှာ မူးယစ်ဆေးစွဲနေသူတွေကို "စိတ်ရောဂါ" နဲ့ "အကြမ်းဖက်မှု" ဆိုင်ရာ အကျိုးသက်ရောက်မှုအနေနဲ့ မီးမောင်းထိုးပြပေမဲ့ အသက် ၁၈ နှစ်အရွယ်မှာ မက်သာအဖက်တမင်း စိတ်ကြွမူးယစ်ဆေးကို စတင်စွဲခဲ့တဲ့ ချာလီ ဆမ်မ်ဆွန်ကတော့ ဆေးစွဲတာက ဘယ်သူမဆိုအပေါ် သက်ရောက်မှုရှိနိုင်ပြီး လူတွေဟာ စွဲလမ်းနေချိန်မှာတောင် လူ့အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်လုပ် ဆောင်နိုင်တယ်လို့  Al Jazeera သတင်းဌာနကို ပြောကြားခဲ့ပြီး ရှေ့နေတွေနဲ့ စီးပွားရေးသမားတွေအားလုံးတောင် မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်နေတာကို တွေ့ မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက မက်သာအဖက် တမင်းနဲ့ ဟီးရိုးအင်း ထုတ်လုပ်မှု မြင့်တက်လာနေခဲ့သလို နိုင်ငံဟာလည်း ပြည်တွင်းစစ် နဲ့ ပဋိပက္ခအကျပ်အတည်းကြား ထိုးကျလာနေခဲ့တာပါ။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ထုတ် ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း အရှေ့နဲ့ အရှေ့တောင်အာရှဒေသတွင်း မက်သာအဖက်တမင်း ဖမ်းဆီးရမိမှုဟာ  တန်ချိန် ၁၉၀ အထိ စံချိန်တင်ခဲ့ပြီး မြန်မာနိုင်ငံက ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အများဆုံး အရင်းအမြစ်ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဩစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်နီးပါး ကာလအတွင်း လက်ဖက်ခြောက်ထုတ်ပုံစံ မက်သာအဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါး ၁၀ တန်နီးပါး ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ တနှစ်တည်းမှာတင် ဩစတြေးလျဒေါ်လာ ၁ ဘီလီယံ တန်ကြေးရှိတဲ့ စိတ်ကြွမူးယစ်ဆေးဝါး ၂ ဒသမ ၁ တန်ထက်မနည်း ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။

“လက်ဖက်ခြောက်ထုပ်” ပုံစံနဲ့ လာတဲ့ စိတ်ကြွဆေးတွေဟာ အရှေ့တောင်အာရှဒေသမှာ ထုတ်လုပ်တဲ့ စိတ်ကြွဆေးကို ရည်ညွှန်းတာဖြစ်ပြီး မြန်မာနိုင်ငံက တရားမဝင် မူး ယစ်ဆေးဝါးတွေရဲ့ အရင်းအမြစ်အစစ်အမှန်ကို ဖုံးကွယ်ကာ နိုင်ငံအများအပြားဆီ ဖြတ်ကျော် တင်ပို့နေတာကြောင့် ရာခိုင်နှုန်းတခုသတ်မှတ်ဖို့ ခက်ခဲကြောင်းလည်း ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။

Source:Al Jazeera

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013