
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် လုပ်ငန်းသုံး ယာဉ်လိုင်းတွေကို ရက်အကန့်အသတ်မရှိ ရပ်နားမယ်လို့ မီဇိုရမ်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးယာဉ်သမဂ္ဂဥက္ကဋ္ဌက ပြောကြားလိုက်တယ်လို့ အိန္ဒိယသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
မီဇိုရမ်ပြည်နယ်အတွင်းက လုပ်ငန်းသုံးယာဉ်ပိုင်ရှင်တွေက လောင်စာဆီဈေး ပြန်လည်လျှော့ချပေးဖို့ ပြည်နယ်အစိုးရကို တောင်းဆိုခဲ့ပေမဲ့ အစိုးရက လက်မခံတဲ့အတွက် ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ အောက်တိုဘာ ၁၄ ရက် စတင်ကာ လုပ်ငန်းသုံးယာဉ်လိုင်း ပြေးဆွဲမှုကို ရပ်နားသွားမှာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး ပြည်နယ်အစိုးရက ဓာတ်ဆီနဲ့ ဒီဇယ် ၁ လီတာကို ၄ ရူပီး ဈေးမြှင့်ပြီးရောင်းချခဲ့တယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်နယ် ကူးသန်းရောင်းဝယ်ရေး ယာဉ်သမဂ္ဂ ( MCVU) ဥက္ကဋ္ဌက “စက်သုံးဆီဈေးနှုန်းလျော့ချရေးတောင်းဆို ဆန္ဒပြတဲ့အနေနဲ့ အောက်တိုဘာ ၁၄ ရက် မနက် ၆ နာရီမှာစပြီး လုပ်ငန်းသုံးယာဉ်တွေ ရပ်နားမယ်”လို့ အောက်တိုဘာ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆီဈေးမြင့်တတ်မှုဟာ ယာဉ်လုပ်ငန်းပိုင်ရှင်တွေသာမကဘဲ ပြည်နယ်အတွင်းက ယာဉ်အသုံးပြုခ ဈေးတတ်လာရင် အခြေခံလူတန်းစားတွေပါ အခက်အခဲကြုံနိုင်တဲ့အတွက် ယာဉ်အသုံးပြုခကို မမြှင့်ဘဲ စက်သုံးဆီဈေးကျဖို့သာ လုပ်ဆောင်သွားမယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ချင်းစစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ဆီစျေးကတော့ ၁၀၀ ကျော်ထိတက်တာပေါ့နော် အဓိက က ဆီစျေးတက်တယ်ဆိုတာထက် စျေးဝယ်ဖို့မရှိတာက အခက်တွေ့နေတာ။ အရင်ကတော့ 92 ဆိုရင် ၉၀-၉၁ လောက်ပေါ့ အများဆုံး 95 ဆိုရင် ၉၅-၁၀၀ ကြား ၁၀၀ ကျော်ထိမတက်ဖူးဘူး။ အခုတော့ pump မှာသွားဝယ်ရင် အနည်းဆုံး ၁ နာရီ ကျော်တန်းစီရတယ်။ ပြီးတော့ ၁၁၀ လောက်ပေးဝယ်ရတယ်။ အပြင်ကရောင်းတဲ့ဟာဆိုရင် ၁၅၀-၂၀၀အထိ ပေးဝယ်ရတယ်”က ပြောပါတယ်။
မြန်မာနိုင်ငံသား စစ်ဘေးရှောင်ပြည်သူတွေ အများဆုံးနေထိုင်တဲ့ မီဇိုရမ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ စက်သုံးဆီဈေးအမြင့်ဆုံးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။