DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် ရွှေ့ပြောင်းလူနာများအတွက် ထိုင်းအစိုးရက သီးသန့်ကျန်းမာရေး ရန်ပုံငွေ ထူထောင်မည်
DVB
·
May 13, 2026
Photo: Khaosod
Photo: Khaosod
Donate to DVB

ထိုင်း-မြန်မာနယ်စပ်တလျှောက် ရွှေ့ပြောင်းနိုင်ငံခြားသား လူနာတွေရဲ့ ဆေးကုသမှုစရိတ်တွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် နယ်စပ်ပြည်သူ့ကျန်းမာရေးရန်ပုံငွေတရပ် ထူထောင်သွားဖို့ စီစဥ်နေတဲ့အကြောင်း Khaosod သတင်းမှာ မေ ၁၁ ရက်က ဖော်ပြပါတယ်။

တာ့ခ်ခရိုင်၊ အုန်းဖျန်ဆေးရုံမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနဝန်ကြီး ဖတ်ထနာဖရုမ်းဖတ်က အွန်လိုင်းကတဆင့် ထိုင်း-မြန်မာနယ်စပ်က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ပြန်လည်သုံးသပ်ခဲ့တာ ဖြစ်ပြီး ဒီအစီအစဥ်အရ ထိုင်းနိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ဘတ်ဂျက်ကို မထိခိုက်စေဖို့အတွက် ထိုင်းနိုင်ငံသားနဲ့ ရွှေ့ပြောင်းလူနာတွေရဲ့ ဆေးကုသမှု အသုံးစရိတ် စာရင်းကိုလည်း သီးသန့်စီ တိတိကျကျခွဲခြားထားရှိသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင်း ချာန်ဝီရကူးလ်ကလည်း နယ်စပ်ဆေးရုံတွေ ကြုံတွေ့နေရတဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့  ရေရှည်တည်တံ့မဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဖြေရှင်းချက်တွေကို အမြန်ဆုံးလုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

နယ်စပ်ဒေသတွေမှာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့၊ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း လုပ်ငန်းပမာဏနဲ့ ဒေသန္တရ အခြေအနေတွေအပေါ် မူတည်ပြီး စနစ်တကျ စီမံခန့်ခွဲသွားဖို့နဲ့ နယ်စပ်ဆေးရုံတွေအတွက် ဘတ်ဂျက်သုံးစွဲမှုကို ပိုမိုလိုက်လျောညီထွေဖြစ်အောင် မြှင့်တင်ပေးဖို့ အလေးထားဆောင်ရွက်သွားမယ်လို့လည်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ 

ဒါ့အပြင် အာဏာပိုင်တွေအနေနဲ့ ကျန်းမာရေးအာမခံ မရှိတဲ့ လူနာတွေအတွက် နိုင်ငံတကာက ရန်ပုံငွေ အထောက်အပံ့တွေ ရရှိနိုင်ဖို့ကိုလည်း ရှာဖွေဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဆုမ်ရုခ် ချွန်စာမန်က မဲဆောက်၊ ဖုတ်ဖရနဲ့ အုန်းဖျန်မြို့နယ်တွေမှာ ကွင်းဆင်းစစ်ဆေး ချက်တွေအရ ကျန်းမာရေးဝန်ထမ်းတွေဟာ ခက်ခဲတဲ့ မြေမျက်နှာသွင်ပြင်နဲ့ ခရီးဝေးသွားလာရတဲ့ အခြေအနေတွေကြားကပဲ ထိရောက်စွာ တာဝန်ထမ်းဆောင်နေကြတာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။ 

အုန်းဖျန်မြို့ကနေ မဲဆောက်ဆေးရုံကို သွားမယ်ဆိုရင် တောင်တက်လမ်းတွေအတိုင်း ကားနဲ့ ၃ နာရီခွဲလောက် မောင်းနှင်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူက အဓိက ကဏ္ဍကြီး ၄ ခုရဲ့ တိုးတက်မှု အခြေအနေတွေကို အနီးကပ် စောင့်ကြည့်သွားဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့လည်း ပြောလိုက်သလို အဲဒီထဲမှာ ဆိုလာစနစ် တပ်ဆင်ခြင်းအားဖြင့် လျှပ်စစ်မီးနဲ့ သတင်းအချက်အလက် နည်းပညာစနစ်တွေကို မြှင့်တင်ဖို့နဲ့ အားလုံးအကျုံးဝင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးကုသစရိတ် ပြန်လည်တောင်းခံတဲ့ လုပ်ငန်းစဉ်တွေမှာ ဒီဂျစ်တယ်စနစ်ကို အဆင့်မြှင့်တင်ဖို့ ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဘတ် သန်း ၅၀ ရှိတဲ့ ပံ့ပိုးကူညီမှုဘတ်ဂျက်တခုကို စတင်ဖို့ စီစဉ်နေသလို နိုင်ငံတကာအကူအညီတွေ လက်ခံရယူနိုင်ဖို့အတွက်လည်း နယ်စပ်ပြည်သူ့ကျန်းမာရေးရန်ပုံငွေတရပ်ကို တည်ထောင်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး ဆေးကုသဖို့ လာရောက်သူတွေကို စနစ်တကျ ထိန်းညှိနိုင်ဖို့အတွက် ဒေသန္တရအုပ်ချုပ်ရေး၊ ဥပဒေရေးရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမဲ့အပြင် ဆေးကုသခ ပေးဆောင်နိုင်တဲ့ နေရာတွေမှာ ဝန်ဆောင်ခ ပြန်လည်ကောက်ခံနိုင်ဖို့အတွက် နိုင်ငံခြားသားလူနာတွေရဲ့ ငွေကြေးတတ်နိုင်စွမ်းကိုလည်း စိစစ်အကဲဖြတ်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: Khaosod 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013