DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မှ သပိတ်ရဲဘော်များ ထပ်မံဖမ်းဆီးခံရ
DVB
·
October 10, 2024
ရန်ကုန်မှ သပိတ်ရဲဘော်များ ထပ်မံဖမ်းဆီးခံရ
Donate to DVB

ရန်ကုန်မြို့တွင်းမှာ လုံခြုံရေးတင်းကျပ်စစ်ဆေးနေတဲ့ စစ်ကောင်စီက ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး နေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့မှုကြောင့် အောက်တိုဘာ ၉ ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY)ရဲ့ ဦးဆောင်သူ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ နှင့်အတူ သပိတ်ရဲဘော်က ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းတစ်ယောက် ဖြစ်တဲ့ ကိုရှိန်းဝေအောင်တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ AJAY ကနေ သိရပါတယ်။

ကိုပိုင်ဖြိုးမင်း (ခ) ဒီရေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေမှာ စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်တဲ့အတွက် စစ်တပ်က အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ညှဉ်းပန်းနှိပ်စက်မှာကို စိုးရိမ်ရတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) အဖွဲ့မှ ကိုနန်းလင်းက ပြောပါတယ်။

“ကိုပိုင်ဖြိုးမင်းက ရန်ကုန်က တားဂတ်ထားပြီး သဲသဲမဲမဲ လိုက်နေခဲ့တဲ့ သပိတ်ခေါင်းဆောင်ဖြစ်တယ်။ မနေ့ကညကတော့ ဧည့်စာရင်းစစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူနဲ့ အဆက်အသွယ်ပြတ်သွားတယ်လို့ ပြောရမယ်ဗျ။ ကျနော်တို့ ရထားတဲ့ အချက်အလက်တွေအရဆိုရင် သူနဲ့အတူ တခြားရဲဘော်တွေလည်း ပါတယ်လို့ ကျနော်တို့ ကြားထားသိထားတယ်။ ဆိုတော့ သိတဲ့အတိုင်းပဲ စစ်ကောင်စီက သပိတ်ရဲဘော်တွေ ဖမ်းမိပြီဆို တကယ့်ကို လူမဆန်တဲ့နည်းတွေ လုပ်နေတာ ကျနော်တို့ သိနေတာ။ ရှေ့မှာ ကိုဖိုးသားတို့ကိုဆိုရင် ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်နေတာ ကျနော်တို့ ကြားသိရတာဆိုတော့ ကိုပိုင်ဖြိုးမင်းကိုလည်း ကျနော်တို့ အလွန်အမင်း စိုးရိမ်ပါတယ်” လို့ ပြောပါတယ်။

ကိုပိုင်ဖြိုးမင်းက ကျောင်းသားသမဂ္ဂကျောင်းသားတယောက်ဖြစ်ပြီး ဒေါင်းတို့မျိုးဆက်နဲ့ အခု ရန်ကုန်မြို့ပြသပိတ်တွေမှာ ပါဝင်လှုပ်ရှားနေသူဖြစ်လို့ စစ်ကောင်စီက သဲသဲမဲမဲ လိုက်လံရှာဖွေနေသူ တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

“ကိုပိုင်ဖြိုးမင်းဟာ ကျောင်းသားသမဂ္ဂမှာ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် တောက်လျှောက်လုပ်နေခဲ့ပြီးနောက် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှာလည်း ပါဝင်ပြီး စစ်တပ်ရဲ့ တကယ့်ကို ဆိုးယုတ်တဲ့ကိစ္စတွေကို စစ်တပ်ကို ဆန့်ကျင်ပြီး လူထု တင်ပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်တယ်။ စစ်တပ် အာဏာသိမ်းတော့လည်း လူထုသပိတ်တွေကို ယုံယုံကြည်ကြည်နဲ့ ပါဝင်ဆောင်ရွက်နေတဲ့ ရဲဘော်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရဲဘော်ကို ရန်သူက သဲသဲမဲမဲ လိုချင်နေတယ်လို့ ကျနော်တို့ သိရပါတယ်။ ကျနော်တို့ သပိတ်ရဲဘော်တွေဆိုတာ အပ်တိုတချောင်းတောင် မပါပေမဲ့ ရန်သူကတော့ ဒါကို ဆိုးဆိုးဝါးဝါး ပြစ်မှုမြောက်တယ်ဆိုပြီး ပုဒ်မကြီး ပုဒ်မငယ်တွေနဲ့ ကျနော်တို့ရဲဘော်တွေ တောက်လျှောက် ကြုံနေရတာပါ။ ဒီလိုမတရားဖမ်းဆီးစစ်ကြောခံနေရတာကို ကျနော်တို့ ဒေါသထွက်ပေမယ့် ရှေ့ဆက်လုပ်ဆောင်ရမယ့်ကိစ္စတွေကိုလည်း ဆက်လက်ဖော်ဆောင်သွားမှာပါ” လို့ ကိုနန်းလင်းက ဆက်ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီ ဖမ်းဆီးခံရတဲ့ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ ကိုအောင်မင်းခိုင်(ခ)မဲကြီး၊ မမြမဉ္ဇူနဲ့ မနှင်းအိခိုင်တို့က ရန်ကုန်မြို့ပြက တော်လှန်ရေးသပိတ်ရဲဘော်တွေ ဖြစ်ပြီး သူတို့ကို ဖမ်းဆီးပြီး စစ်ကြေားရေးမှာ ရိုက်နှက် စစ်ဆေးမေးမြန်းနေစဉ်မှာပဲ တခြားမြို့ပြတော်လှန်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ကိုနန်းလင်းတို့ နေအိမ်ကို စက်တင်ဘာ ၂၀ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပါသေးတယ်။

မြို့ပြက တော်လှန်ရေးသပိတ်ရဲဘော်တွေ အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ရဲဘော်တွေအတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ သပိတ်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီက ဖမ်းဆီးခံရဲဘော်တွေကို လူမဆန်စွာ နှိပ်စက်ညှဥ်းပန်းပြီး အသက်အန္တရာယ်ကို ထိခိုက်လာစေနိုင်တဲ့အတွက် ဝိုင်းဝန်းပူးပေါင်းဖိအားပေးကြဖို့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013