DVB Logo
Home
မြန်မာသတင်း
ဘုတလင်ဒေသခံ ၂၀ ခန့်ကို စစ်တပ်က ဖမ်းဆီး၊ ပေါက်နှင့်ဒီပဲယင်းမြို့နယ်တို့ကို ဗုံးကြဲ
DVB
·
October 10, 2024
ဘုတလင်ဒေသခံ ၂၀ ခန့်ကို စစ်တပ်က ဖမ်းဆီး၊ ပေါက်နှင့်ဒီပဲယင်းမြို့နယ်တို့ကို ဗုံးကြဲ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၉ ရက်က ကျောက်အိုး (မြောက်) ကျေးရွာကို ၀င်ရောက်ကာ လူနေအိမ်တွေကိုမီးရှို့ပြီး ဒေသခံပြည်သူ ၂၀ နီးပါးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကျောက်အိုး (မြောက်) ကျေးရွာသားတယောက်က “မနက်အစောကြီး ရွာထဲ၀င်လာတယ်ဗျာ။ သေနတ်တွေဖောက်ပြီး ဆူညံသွားတာဘဲ။ နောက်ပြီး ရွာထဲမှာအထိုင်ချတယ်။ အိမ်တွေထဲ၀င်ပြီး စားစရာတွေနဲ့ ရွှေတွေပိုက်ဆံတွေ၀င်လုတယ်။ နေ့လယ်ဆို မွန်းလွဲချိန်လောက်မှ ရွာထဲကနေ ပြန်ထွက်သွားတယ်။ ဒါတောင် ကောင်းကောင်းပြန်ထွက်သွားတာမဟုတ်ဘူး။ အိမ်တွေကို မီးရှို့သွားသေးတာ။ ရွာကလူတွေကိုလည်း ဖမ်းခေါ်သွားသေးတယ်။ ကျနော်တို့တောင် သူတို့၀င်လာတဲ့ လမ်းနဲ့ဝေးလို့ သိသိချင်းထွက်ပြေးလာကြလို့ လွတ်တာဗျာ။ ဒုက္ခတွေများ ရောက်ချက် လွန်ပါရော” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောက်အိုးမြောက်ကျေးရွာအတွင်းက လူနေအိမ် ၅ လုံး မီးလောင်ပျက်ဆီးသွားပြီး ဒေသခံရွာသား အယောက် ၂၀ နီးပါးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း (BMT) ရဲ့ တာ၀န်ခံတယောက်က  “ဟိုတလောက သူတို့စစ်ကြောင်း အတိုက်ခံရလို့ အခဲမကျေဘဲ ထပ်ပြီးစစ်ကြောင်းထိုးတာ။ အဲ့ဒီစစ်ကြောင်းက ကျောက်အိုးမြောက်ရွာက လူသားဒိုင်းအဖြစ်နဲ့ ဖမ်းသွားတဲ့ပြည်သူ ၂၀ လောက်အပြင် အခု သီးပင်အိုင်ရွာမှာတပ်စွဲနေပြီး ရွာခံပြည်သူတွေကို ထပ်ဖမ်းနေတယ်လို့ သိရတယ်။ သူတို့ဘာလုပ်မလဲဆိုတာ အဆက်မပြတ်စောင့်ကြည့်နေပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီ လောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံ စစ်ဘေးရှောင်တွေထံကနေ သိရပါတယ်။

ဒီပဲယင်းမြို့ သောင်ပြင်ရပ်ကွက်၊ ရဲစခန်းအနီးနဲ့ မြို့အနီး ဝန်းကျင်‌‌‌‌စတဲ့ နေရာ ၃ နေရာကို ဗုံးကြဲ သွားတာလို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။

“လေယာဉ် ၂ စီးနဲ့ ပစ်သွားတာပါရှင့်။ ပစ်တဲ့အကြိမ်အရေအတွက်ကများတယ်။ အနည်းဆုံး ၉ ကြိမ်အထက်မှာရှိတယ်။ ဘာလို့ပစ်တာလဲဆို့တဲ့ အကြောင်းအရင်းကတော့ မသိဘူးလေ။ တိုက်ပွဲတော့ မြေပြင်မှာ ဖြစ်သံမကြားရဘူး။”  

ဒီပဲယင်းမြိုနယ်ပကဖ ရဲဘော်တယောက်က “ဒီနေ့ ဗုံးကြဲသွားတာက များတယ်ဗျ။ မြို့ထဲရော၊ မြို့ပြင်ရော၊ မြို့တောင်ပိုင်း သောင်ပြင်ရပ်ကွက်ရော နေရာစုံကြဲချသွားတာ။ ဒီပဲယင်းမြို့က စစ်တပ်ထိန်းချုပ်နယ်မြေဆိုတော့ သေဆုံး၊ အိမ်အပျက်အစီး စာရင်းကတော့ မသိရသေးဘူး။ အခုလို စစ်တပ်က မြေပြင်တိုက်ပွဲမရှိဘဲ လေယာဉ်တဲ့ ဗုံးကြဲပစ်ခတ်တာဟာ ဒီပဲယင်းမြို့နဲ့ အနီးဆုံး ဘုတလင်မြို့နယ်မှာ စစ်ကြောင်းတခုလုံးကို ကျနော်တို့  ပြည်သူ့ကာကွယ်ရေးတပ်တွေက  သိမ်းပိုက်ခဲ့တာကို ကြောက်လန့်ပြီး သူတို့ဘက်က လေကြောင်းကနေ ပစ်ခတ်ဗုံကြဲသွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီပဲယင်းမြို့ပေါ်ကို ပြီးခဲ့တဲ့‌ အောက်တိုဘာ ၅ ရက်ကလည်း လေယာဉ်နဲ့ ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ ပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း ကမ္ဘားဖြူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာကို အောက်တိုဘာ ၉ ရက် နေ့လယ် ၁ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေနဲ့ ဒုတိယအကြိမ်ထပ်မံကြဲချခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့ကြပြီး နေအိမ်တချို့နဲ့ ဘုန်းကြီးကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “ရွာသစ်စုရွာက ပေါက်နဲ့မြိုင်အစပ်မှာရှိတာ။ အဲ့ရွာနားပတ်ချာလည်မှာ တိုက်ပွဲမရှိဘူး။ ရွာထဲမှာလည်း အစည်းဝေးတွေဘာတွေမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး အသားလွတ်ကြဲသွားတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရွာသစ်စုကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် ကျေးရွာဘုန်းကြီးကျောင်းအပါအ၀င် လူနေအိမ် ၅ လုံးနီးပါးပျက်စီးသွားပြီး အသက် ၃၀ နဲ့ ၄၀ ၀န်းကျင်ရွာခံအမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် ပကဖ ရဲ့ တာ၀န်ခံက “အဲ့ဒီရွာတွေဘက်မှာ ဖုန်းလိုင်းတွေအဖြတ်ခံထားတာကြာပြီ။ ကျနော်တို့လည်း သတင်းရရချင်း ဆေးအဖွဲ့တွေလွှတ်ပြီး ဒဏ်ရာရတဲ့သူတွေကို ဆေးကုသမှုတွေ ဆောင်ရွက်ပေးခဲ့တယ်။ ဒဏ်ရာရတဲ့သူ ၂ ဦးလုံး မစိုးရိမ်ရဘူးလို့ သိရပါတယ်။ စစ်တပ်က အဲ့ဒီရွာကိုဗုံးကြဲတာ ၂ ခါရှိပြီဆိုတော့ ရွာခံတွေလည်း စစ်တပ်ကို တော်တော်လေး​မုန်းနေကြပြီ” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့ မနက်ကလည်း စစ်ကောင်စီတပ်ဟာ အဆိုပါရွာသစ်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကိုရင်ကြီး ၁ ပါးပျံတော်မူကာ ဒေသခံပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ကျောင်းဆောင်အဆောက်အဦတွေလည်း ပျက်စီးသွားခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013