
ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်ကနေ အကျဉ်းသား ၇၀၀ နီးပါးကို စစ်ကောင်စီက အောက်တိုဘာ ၈ ရက်မှာ စစ်ရေယာဉ်တွေနဲ့ ခေါ်ထုတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ရေးတင်းမာလာပြီး လုံခြုံရေးစိုးရိမ်စရာ ဖြစ်လာတဲ့အတွက် စစ်တွေအကျဥ်းထောင်ထဲက အကျဉ်းသား ၃၀၀ ကျော်ကို စစ်ကောင်စီက အောက်တိုဘာ ၈ ရက် မနက်အစောပိုင်းနဲ့ အကျဥ်းသား ၄၀၀ လောက်ကို အဲဒီနေ့ ညပိုင်းမှာ ခေါ်ထုတ်ပြီး စစ်ရေယာဉ်တွေနဲ့ ပို့ဆောင်ခဲ့ကြကြောင်း စစ်တွေမြို့ခံက ပြောပါတယ်။
“ဘယ်ကိုခေါ်လဲ ဆိုတာတော့ အတိအကျမသိဘူး။ အောက်တိုဘာလ ၇ ရက်နေ့ကတည်းက ထောင်သားတွေခေါင်းကို မျက်နှာဖုံးစွပ်ပြီး BXT ကိုရီးယားဆိပ်ကမ်းမှာ စုထားတာ။ အောက်တိုဘာလ ၈ ရက် မနက် ၁ နာရီမှာတခါ ည ၁၂ ရီလောက်မှာတခါ စစ်တပ်က ဇက်ရေယာဉ်နဲ့ ခေါ်သွားကြတာ။”
ခေါ်ထုတ်ခံရတဲ့ အကျဉ်းသားတွေထဲမှာ စစ်တွေမြို့၊ ဗျိုင်းဖြူရွာက မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)၊ ရာဇဝတ်မှုဥပဒေပုဒ်မ ၁၈၈ နဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၂၀၀ ကျော် ပါဝင်သလို နိုင်ငံရေးအကျဥ်းသားတွေလည်း ပါဝင်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတွေဆီက သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်တွေထောင်က အကျဉ်းသား ၅၀၀ လောက်ကို စစ်ကောင်စီက တိတ်တဆိတ် ပြောင်းရွှေ့သွားခဲ့တာကြောင့် အကျဥ်းကျခံနေရတဲ့ မိသားစုဝင်တွေမှာ အဆက်အသွယ်မရ ဖြစ်နေပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်လာပါက စစ်တွေထောင်ရှိ နိုင်ငံရေးသမားတွေ အပါအဝင် အကျဉ်းသားတွေ လွတ်မြောက်သွားမှာ စိုးရိမ်နေတာကြောင့် ခုလို ထောင်ပြောင်းရွှေ့ လုပ်ဆောင်နေတာလို့ ရခိုင်စစ်ရေး လေ့လာသူတွေက ပြောပါတယ်။











