DVB Logo
Home
မြန်မာသတင်း
မန္တလေး-မိုးကုတ် လမ်းဟောင်းက ရွှေပြည်ဂိတ် ပိတ်ထားသဖြင့် ကားအစီးရေရာနှင့်ချီ ပိတ်မိနေ
DVB
·
October 9, 2024
မန္တလေး-မိုးကုတ် လမ်းဟောင်းက ရွှေပြည်ဂိတ် ပိတ်ထားသဖြင့် ကားအစီးရေရာနှင့်ချီ ပိတ်မိနေ
Donate to DVB

မန္တလေး-မိုးကုတ် လမ်းဟောင်းက ရွှေပြည်ဂိတ်ကို မန္တလေး PDF က ပိတ်ထားတဲ့အတွက် ကားအစီးရေ ရာနဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေထံက သိရပါတယ်။

စက်တင်ဘာလကုန်ကတည်းက မန္တလေး-မိုးကုတ်လမ်းဟောင်းမှာရှိတဲ့ ရွှေပြည်ဂိတ်ကို မန္တလေး PDF က ပိတ်ထားတဲ့အတွက် ကားအစီးရေ ရာနဲ့ချီပိတ်မိနေပြီး ခရီးသွားပြည်သူတွေအနေနဲ့လည်း စားရေးသောက်ရေး ခက်ခဲလာကာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်တောင်းရမ်းစားသောက်နေရတဲ့ အခြေအနေ ဖြစ်လာတယ်လို့ အဆိုပါကားသမားတွေက ပြောပါတယ်။

“ရွှေပြည်ဂိတ်မှာ MDY PDF က ပိတ်ထားတာ ဆယ်ရက်လောက်ကြာနေပြီ။ အကုန်ဒုက္ခရောက်နေကြတယ်။ ပြန်ကွေ့လဲ ကုန်ပစ္စည်းတွေက ဖြတ်မရလို့ ပြန်လှည့်ဖို့ အဆင်မပြေကြပါဘူး။ ကားသမားတွေ ခရီးတွေနဲ့ဂိတ်က ရဲဘော်တွေ ပြဿနာဖြစ်ကြရတယ်။ ဒီနေ့ဆို ကားသမားတွေက ဟွန်းတီးပြီး ဆန္ဒပြကြတယ်။ ဂိတ်က ရဲဘော်တွေပြောတာက TNLA ဘက်က လာကြိုမှ လွှတ်ပေးလို့ရမယ် ပြောတယ်” လို့ မန္တလေးကနေ မိုးကုတ်ကို ကုန်စည်ပို့နေသူတဦးက ပြောပါတယ်။

မိုးကုတ်မြို့ကိုဝင်တဲ့ လမ်းပိုင်းတွေကို စစ်ကောင်စီဘက်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားတဲ့အတွက် မိုးကုတ်မြို့ကို ကုန်စည်စီးဆင်းမှု နည်းပါးနေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေကာ အခြေခံလူတန်းစားများ အကျပ်အတည်း ဆိုက်နေကြရတယ်လို့ မိုးကုတ်မြို့ခံတွေထံက သိရပါတယ်။

“စစ်ကိုင်းကောင်းမှုတော်မှာ စစ်တပ်ဂိတ်ဖွင့်လိုက်ကတည်းက စစ်တပ်ဂိတ်ကင်းတဲ့ လမ်းက ဖော့တောလမ်းတခုပဲ ရှိပါတော့တယ်။ လမ်းတွေပိတ်ထားလို့  စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတာ။ စီးပွားရေး လုပ်ကိုင်စားသောက်လို့ မရကြတဲ့ အခြေခံလူတန်းစားတွေ ခက်ခဲစွာ ရင်ဆိုင်နေကြရတာပါ” လို့ မိုးကုတ်မြို့ခံတယောက်က ပြောပါတယ်။

ဒီလိုလမ်းတွေ ပိတ်ဆို့လိုက်တာဟာ ကြိုတင်အသိပေးတာမျိုးမရှိခဲ့တာကြောင့် မန္တလေးမြို့ကနေ မိုးကုတ်ကို သွားရောက်သူတွေဟာ ခရီးစရိတ်၊ ဆီဖိုးနဲ့ ကုန်ပစ္စည်းဆုံးရှုံးမှုတွေ ရင်ဆိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013