
UWSA ‘ဝ’ တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့မှာ အခွန်အခကောက်ခံတဲ့နှုန်းတွေ မြင့်မားလွန်းနေတာကြောင့် အခြေခံလူတန်းစားပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ- တရုတ်နယ်စပ်၊ ဟိုပန်မြို့နဲ့ ပန်လုံမြို့ကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ၂၀၂၄ ဇန်နဝါရီလပိုင်းက သိမ်းပိုက် ထိန်းချုပ်ထားခဲ့တာပါ။
အဲ့ဒီနောက်ပိုင်း ဟိုပန်မြို့မှာ UWSA အုပ်ချုပ်ရေးက ဈေးဆိုင်တွေနဲ့ လုပ်ငန်းအသီးသီးကို အမျိုးအစားအလိုက် အခွန်ကောက်ခံနေပါတယ်။
‘၀’ အုပ်ချုပ်ရေးက ချမှတ်ထားတဲ့ အခွန်နှုန်းတွေ တရုတ်ယွမ်ငွေနဲ့ဖြစ်နေပြီး မြန်မာကျပ်ငွေနဲ့ ဆိုရင် အဆမတန်များ ပြားလွန်းနေတာကြောင့် အခြေခံလူတန်းစားပြည်သူတွေမှာ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟိုပန်မြို့မှာ သာမန်လမ်းဘေးဈေးဆိုင်လေးကိုတောင် တလတာအခွန်နှုန်းအဖြစ် အနည်းဆုံး တရုတ်ယွမ် ၁၀၀ ၊ အမှိုက်ခွန်က သီးသန့် ယွမ် ၁၀၀ နှစ်ခုပေါင်းကို မြန်မာငွေနဲ့ ကျပ် ၁၂၀၀၀၀ လောက် ပေးရတာကြောင့် သာမန်ဈေးသည်တွေမှာ အခက်တွေ့နေတာပါ။
ကိုဗစ်-၁၉ ကပ်ရောဂါ၊ နိုင်ငံရေးအကျပ်အတည်းနဲ့ တရုတ်က နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် ပြည်သူလူထုတွေက ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်နဲ့ အလုပ် လက်မဲ့ ပြဿနာရင်ဆိုင်နေရပြီး စားဝတ်နေရေးခက်ခဲနေချိန် အခုလို အခွန်နှုန်းတွေ အဆမတန်မြင့်မားဟာ လူထုတွေကိုများစွာ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဟိုပန်မြို့မှာ အခွန်အခကောက်ခံတဲ့နှုန်းတွေ မြင့်မားလွန်းနေတာနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူလူထုတွေက အခွန်နှုန်းထားတွေကို ပြင်ဆင်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းကို တင်ပြတောင်းဆိုနေကြ ပါတယ်။
ခွန်ဇော်ဦး