DVB Logo
Home
မြန်မာသတင်း
မြန်မာရေဘေးအတွက် ဂျပန်က ကုလအဖွဲ့အစည်းများမှတဆင့် ကန်ဒေါ်လာ ၂ သန်း ကူညီ
DVB
·
October 9, 2024
မြန်မာရေဘေးအတွက် ဂျပန်က ကုလအဖွဲ့အစည်းများမှတဆင့် ကန်ဒေါ်လာ ၂ သန်း ကူညီ
Donate to DVB

အင်အားပြင်း ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးမြေပြိုမှုဒဏ်တွေ ခံစားခဲ့ကြရတဲ့ မြန်မာပြည်သူတွေအတွက် ဂျပန်အစိုးရက ကုလသမဂ္ဂအဖွဲ့အစည်းတွေကတဆင့် အရေးပေါ် အကူအညီ အမေရိကန်ဒေါ်လာ ၂ သန်း လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၂ သန်းစီ ထောက်ပံ့ကူညီမှာဖြစ်ပြီး ဒီအရေးပေါ်ထောက်ပံ့ငွေနဲ့ ရေ၊ သန့်ရှင်းရေးနဲ့ တကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေ၊ စားနပ်ရိက္ခာ၊ ယာယီအမိုးအကာတွေကို ကုလသမဂ္ဂအဖွဲ့အစည်းတွေကတဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွက်ကိုတော့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) အဖွဲ့တွေကနေ အမေရိကန်ဒေါ်လာ ၁ သန်းစီနဲ့ စုစုပေါင်း ၂ သန်း ထောက်ပံ့ကူညီသွားမယ်လို့ ဖော်ပြပါတယ်။

မဲခေါင်ဒေသခွဲဟာ ရေကြီးရေလျှံတာတွေအပါအဝင် သဘာဝဘေးအန္တရာယ်တွေ ဖြစ်နိုင်ခြေ မြင့်မားတဲ့ ဒေသဖြစ်တာကြောင့် “မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ ၂၀၂၄” မှာ အတည်ပြုထားတဲ့အတိုင်း ဂျပန်အစိုးရက ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေးအတွက် ရေနဲ့ဆက်စပ်တဲ့ သဘာဝဘေး အန္တရာယ်လျှော့ချရေး ကြိုးပမ်းမှုမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးရေကြီး ရေလျှံမှုဒဏ်ကို ခံစားခဲ့ရပြီး အိုးအိမ်အဆောက်အအုံ ပိုင်ဆိုင်မှုတွေ၊ လယ်ယာကဏ္ဍနဲ့ ဘဏ္ဍာရေးတို့ကို ဆိုးရွားစွာ ပျက်စီးစေခဲ့တာကြောင့် အကူအညီတွေ ရရှိနိုင်ဖို့ အရေးတကြီး လိုအပ်နေတာပါ။

စက်တင်ဘာ ၉ ရက်ကတည်းက အင်အားပြင်း ယာဂီတိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ရေဘေးသင့်ပြည်သူ ၁ သန်းကျော်အထိ ရှိပြီး လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

လတ်တလောမှာတော့ မြန်မာရေဘေးသင့်ပြည်သူတွေကို နိုင်ငံတကာနဲ့ အရပ်ဘက်လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းအသီးသီးက ထောက်ပံ့ကူညီနေကြသလို NUG ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေကနေ ထောက်ပံ့ကူညီနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013