
အစ္စရေးဟာ ဘေရွတ်မြို့ တောင်ဘက်ရှိ အယ်လ်-ဒါဟိယ ရပ်ကွက်ထဲရှိ ထောက်လှမ်းရေး တပ်ဝင်းကို တိုက်ခိုက်ခဲ့ပြီး ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး ၆ ယောက် အပါအဝင် အကြမ်းဖက်သမား ၅၀ ကျော် သေဆုံးကြောင်းကို အတည်ပြုထားတယ်လို့ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နောက်တန်း ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက အောက်တိုဘာ ၈ ရက် ရုပ်မြင်သံကြား ကြေညာချက်ထဲမှာ ပြောသွားပါတယ်။
အဲဒီနေရာဟာ ဟစ်ဇ်ဘိုလာ ထောက်လှမ်းရေး အကြီးအကဲ အဘူ အဗ္ဗဒူလာ မူရ်တာဒါရဲ့ ကွပ်ကဲမှုဌာနဖြစ်ပြီး အဲဒီမှာ ကွယ်လွန်သူ ဟစ်ဇ်ဘိုလာခေါင်းဆောင်ဟောင်း ဆေယစ်ဒ် ဟက်ဆန် နက်စ်ရယ်လာကို ဆက်ခံမယ့် ဟာရှမ်ဆာဖီယက်ဒင် ရှိနေတယ်လို့ သိထားကြောင်းလည်း ဟာဂါရီက ဆိုပါတယ်။
“ဒီတိုက်ခိုက်မှုတွေရဲ့ ရလဒ်တွေကို စစ်ဆေးနေပြီး ဟစ်ဇ်ဘိုလာက အချက်အလက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်။ သေချာသိရအောင် အပ်ဒိတ်လုပ်ပြီး ပြည်သူတွေ ချပြသွားမှာပါ” လို့ ဟာဂါရီက ရှင်းပြပါတယ်။
ဆာဖီယက်ဒင်ရဲ့ သေဆုံးမှုကို အတည်မပြုနိုင်သေးပေမဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်က ဆာဖီယက်ဒင် ချေမှုန်းခံလိုက်ရဖွယ်ရှိကြောင်း အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အစောပိုင်းက အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုဟာ နက်စ်ရယ်လာကို ဆက်ခံမယ့်သူတွေကို ချေမှုန်းခဲ့ကြောင်း ပြောကြားခဲ့ပြီး သူတို့နာမည်တွေကိုတော့ မထုတ်ဖော်ခဲ့ပါဘူး။
လက်ဘနွန်နိုင်ငံသားတွေကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ နေတန်ယာဟုက အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ဟာ သူတို့ခေါင်းဆောင် နက်စ်ရယ်လာကို ချေမှုန်းပြီးနောက်မှာ နှစ်ပေါင်းများစွာ သူတို့တည်ရှိနေခဲ့တာထက်ကို အခုဆို အများကြီး အားနည်းသွားပြီလို့ ပြောပါတယ်။
နေတန်ယာဟုဟာ လက်ဘနွန်ပြည်သူတွေကို ဟစ်ဇ်ဘိုလာ လက်ထဲမှ တိုင်းပြည်ကို ပြန်လည်သိမ်းယူပြီးတော့ လက်ဘနွန်နိုင်ငံကို အေးချမ်းသာယာတဲ့ နေ့ရက်တွေ ပိုင်ဆိုင်ရအောင် ပြန်ထိန်းသိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။
Source-Reuters











