
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်းက နှမစားရစ်ကျေးရွာကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၁၆ ရက် နေ့ခင်း ၁၂ နာရီ ၅၀ မိနစ်ခန့်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး လေယာဉ်နဲ့ ဗုံးကြဲ ချသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နှမစားရစ် ကျေးရွာသူတယောက်က “သူတို့က လေယာဉ်နဲ့ လာကြဲမချခင် လက်နက်ကြီး ၃ လုံးနဲ့ ရွှေဘိုလေ့ကျင့်ရေး ၈ ကနေ ပစ်တယ်ရှင့်။ အဲလိုပစ်ပြီး သိပ်မကြာဘူး လေယာဉ်ရောက်လာပြီး ဗုံးကြဲချတယ်ရှင့်။ လက်နက်ကြီးနဲ့ပစ်တဲ့ အလုံးတွေက ဘုန်းကြီးကျောင်းထဲကျတာ။ ဦးဇင်းတပါး ဆုံးပြီး အရပ်သား ၅ ဦး ထိတယ်လို့တော့ သတင်းတွေ ထွက်နေတယ်။ အတည်ပြုလို့တော့ မရသေးဘူး။ ကျမတို့ အရပ်သားတွေ ဝင်ကြည့်လို့ မရသေးဘူး။ တာဝန်ရှိသူတွေနဲ့ ကူညီကယ်ဆယ်ရေးသမားတွေ ရှင်းလင်းရေး လုပ်နေကြသေးတယ်။ နောက်ပြီး လေယာဉ်နဲ့ လာကြဲချတာက စစ်ရှောင်စခန်းကို လာကြဲချသွားတာ။ တဦး ဒဏ်ရာပြင်းထန်ပြီး ၇ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။ အတိအကျ သိရရင်တော့ ရပ်ကျေး ပအဖကို ဆက်သွယ်မေးလိုက်ပါ။ ကျမတို့ကတော့ စစ်တပ်က နောက်တကြိမ် လေယာဉ်နဲ့ လာပစ်ခံရမှာကို ကြောက်လို့ ဘေးလွတ်ရာကို ရှောင်တိမ်းနေတယ်” လို့ ပြောပါတယ်။
အဆိုပါ နှမစားရစ်ကျေးရွာကို စစ်အာဏာရှင်တပ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြေပြင်စစ်ကြောင်းထိုးကာ ၃ ကြိမ်ထက်မနည်း ဝင်ရောက်ပြီး ရွာကို မီးရှို့ကာ ရွာသား ၅ ယောက် ထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။
နှမစားရစ်ကျေးရွာဟာ ရွှေဘိူမြို့နဲ့ ၈ မိုင်ခန့် ကွာဝေးပြီး ကျေးရွာအနီးဝန်းကျင်မှာလည်း စစ်တပ် ထောက်ခံတဲ့ ပျူရွာတွေနဲ့ နီးစပ်နေတဲ့ကျေးရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကျေးရွာ ပအဖ အဖွဲ့ဝင်တယောက်က “အကြောင်းမရှိကို လာပစ်တာပါ။ သူတို့ ရွာကို အကြိမ်ကြိမ် မီးရှို့လို့ ရွာထဲမှာ အိမ်ပြန်မဆောက်နိုင်တဲ့သူတွေ စုပေါင်းနေကြတဲ့ စစ်ရှောင်စခန်းကို ကြဲချသွားပြီး ဘုန်းကြီးကျောင်းကိုလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ (--)စိတ်ရှိလို့ ဒီလို လုပ်သွားတာပေါ့။ သေဆုံး ထိခိုက်ကတော့ လောလာဆယ် ကယ်ဆယ်ရေးလုပ်နေရလို့ ဘာမှ အတိအကျ ပြောလို့ မရသေးပါဘူး။ အသေးစိတ်ကိုတော့ မြို့နယ်တာဝန်ရှိသူတွေဘက်က ထုတ်ပြန်ကြပါလိမ့်မယ်” လို့ DVB ကို ပြောပါတယ်။
စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် တော်တော်များများကို ဗျူဟာအရ မြေပြင် စစ်ကြောင်းထိုးတာ မပြုလုပ်ဘဲ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ပြီး တော်လှန်ရေးအဖွဲ့ အချင်းချင်းကြား သပ်လျှိုသွေးခွဲစနစ် အသုံးပြုကာ စစ်ရေးအရ လက်ဦးမှုရယူနေတယ်လို့လည်း သိရပါတယ်။











