DVB Logo
Home
မြန်မာသတင်း
မြန်မာလူဦးရေ ၁ သန်းကျော် ရေဘေးသင့်ပြီး ၆၀၀ ကျော်သေဆုံးဟု NUG ထုတ်ပြန်
DVB
·
October 8, 2024
မြန်မာလူဦးရေ ၁ သန်းကျော် ရေဘေးသင့်ပြီး ၆၀၀ ကျော်သေဆုံးဟု NUG ထုတ်ပြန်
Donate to DVB

ယာဂီမုန်တိုင်း အကြွင်းအကျန် လေပွေလှိုင်း ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ခဲ့လို့ လူဦးရေ တသန်းကျော် ရေဘေးသင့်ခဲ့ရပြီး လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပဲခူး၊ မန္တလေး၊ မကွေး အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၀ ခုမှာ လူပေါင်း ၁ သန်းကျော်ဟာ ရေဘေးဒဏ်ကို ခံစားခဲ့ရပြီး လယ်ယာမြေ အမြောက်အမြားလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်။

ရေကြီးမှုကြောင့် IDP စခန်း အများအပြားလည်း ရေနစ်မြုပ်ခဲ့ရပြီး လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှာ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း တောင်ကျချောင်းရေ လျင်မြန်စွာ ဝင်ရောက်မှုကြောင့် ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။ ရေကြီးမှုကြောင့် လူပေါင်း ၁,၁၃၃ ယောက် (အိမ်ထောင်စု ၂၉၅ စု) ကို ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ရပြီး IDP စခန်း ၂၅၄ ခု ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်တပြက် ရေကြီးမှုတွေကြောင့် ဖားအင်းကျေးရွာအုပ်စု၊ မန်မော်ကျေးရွာ၊ အင်းသာကလေးဝကျေးရွာ၊ ကွမ်တော်ကျေးရွာ၊ ကောက်ဆာကျေးရွာတို့မှာ ရေဘေးဒုက္ခသည် အိမ်ထောင်စု ၁၀၀ ရှိပြီး စုစုပေါင်း ရေဘေးဒုက္ခသည် ၅၂၉ ယောက် ရှိတယ်လို့လည်း သိရပါတယ်။

ကရင်ပြည်နယ်ထဲမှာလည်း ရေကြီးမြေပြိုမှုတွေကြောင့် လယ်ယာမြေ ၈၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့ပြီး အဓိက အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

CIDKP ရဲ့ ဒုညွှန်ကြားရေးမှူး ဦးစောကယ်လီက “လုပ်ကိုင်စားသောက်တဲ့ လယ်ယာမြေတွေ ဆုံးရှုံးသွားတယ်၊ အသက်မွေးဝမ်းကျောင်းတွေ ပျက်စီးသွားတဲ့အတွက်ကြောင့်မို့ နောင်လာမယ့်နှစ်တွေမှာ အစာရေစာနဲ့ပတ်သက်တဲ့ ဒုက္ခတွေ ရှိလာမယ်လို့ ကျနော်တို့ ခန့်မှန်းရပါတယ်” လို့ ပြောပါတယ်။

တနိုင်ငံလုံးမှာ ရေကြီးမှုကြောင့် လူပေါင်း ၉၀၀,၀၀၀ ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရပြီး လူထောင်များစွာဟာ နေရပ်စွန့်ခွာခဲ့ရပြီးတော့ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးတကြီး လိုအပ်နေပါတယ်။

လက်ရှိမှာ NUG ရဲ့ အရေးပေါ်လုပ်ငန်းညှိနှိုင်းရေးကော်မတီ (Emergency Operation Coordination Committee - EoCC) ဟာ ရေဘေးသင့်ပြည်သူတွေကို ဘေးကင်းတဲ့ နေရာတွေကို အရေးပေါ် နေရာရွှေ့ပြောင်းတာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အချိန်မီရောက်ရှိစေရေး စတဲ့လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရာမှာ ရေလွှမ်းမိုးမှုဒဏ် ခံရတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတွေ ဝင်ရောက်တာကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ ဟန့်တားထားတဲ့အတွက်ကြောင့် ရေကြီးရေလျှံမှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေရဲ့ အခြေအနေမှာ ပိုပြီးတော့ ဆိုးရွားလာခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013