DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် နိုင်ငံခြားအလုပ်သမား ၂၇၀,၀၀၀ ကျော် စစ်ဆေးပြီး ၂,၀၀၀ ကျော်ကို အရေးယူ  
DVB
·
October 8, 2024
ထိုင်းတွင် နိုင်ငံခြားအလုပ်သမား ၂၇၀,၀၀၀ ကျော် စစ်ဆေးပြီး ၂,၀၀၀ ကျော်ကို အရေးယူ  
Donate to DVB

ထိုင်းနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသားအလုပ်သမား နှိမ်နင်းရေးကို စီမံချက်နဲ့ ဆောင်ရွက်ခဲ့ရာမှာ ရက်ပေါင်း ၁၂၀ အတွင်း နိုင်ငံခြားသားပေါင်း ၂၇၇,၇၇၀ ယောက်ကို စစ်ဆေးခဲ့ပြီး ၂,၀၆၃ ယောက်ကို ဥပဒေအရ အရေးယူခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

“တွေ့-ဖမ်း-ဒဏ်ပေး-ပြန်ပို့” ဆိုတဲ့အမည်နဲ့ တရားမဝင်အလုပ်သမား နှိမ်နင်းရေးတွေကို ဒီနှစ် ဇွန် ၅ ရက်မှ အောက်တိုဘာ ၂ ရက်ထိ ရက်ပေါင်း ၁၂၀ ကြာ ဆောင်ရွက်ဖို့နဲ့ လုပ်ငန်းခွင်တွေထဲ ကွင်းဆင်းစစ်ဆေးတဲ့အခါ အလုပ်သမားဆိုင်ရာ စည်းမျည်းစည်းကမ်း ဥပဒေတွေပါ ပညာပေးဖို့ ညွှန်ကြားခဲ့တယ်၊ စီမံချက်အတိုင်း ဆောင်ရွက်ခဲ့ကြတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဖိဖတ် ရာ့ချ်ကစ်ပရကန်က ပြောပါတယ်။

စီမံချက်မှာ တနိုင်ငံလုံးရှိ လုပ်ငန်းခွင်ပေါင်း ၂၀,၁၅၂ နေရာက နိုင်ငံခြားအလုပ်သမား ၂၇၇,၇၇၀ ယောက်ကို စစ်ဆေးခဲ့တယ်၊ အဲဒီအလုပ်သမားတွေထဲမှာ မြန်မာ ၂၀၉,၄၃၅ ယောက်၊ ကမ္ဘောဒီးယား ၄၂,၇၆၆ ယောက်၊ လာအို ၁၆,၄၈၁ ယောက်၊ ဗီယက်နမ် ၁၈၁ ယောက်နဲ့ တခြားနိုင်ငံသား ၈,၉၀၇ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ဆေးခံရတဲ့အထဲက ဥပဒေနဲ့မညီညွတ်တဲ့ လုပ်ငန်းခွင်ပေါင်း ၈၄၄ နေရာ၊ အလုပ်သမား ၂,၀၆၃ ယောက် (မြန်မာ ၁,၂၈၉ ယောက်၊ ကမ္ဘောဒီးယား ၂၈၁ ယောက်၊ လာအို ၃၁၅ ယောက်၊ ဗီယက်နမ် ၄၁ ယောက်နဲ့ တခြားနိုင်ငံသား ၁၃၇ ယောက်” တို့ကို အရေးယူခဲ့တယ်လို့  အလုပ်သမားဝန်ကြီးက ပြောပါတယ်။

နိုင်ငံ့စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရာမှာ ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားကဏ္ဍကို မှီခိုအားထားဖို့ လိုအပ်တယ်၊ အလုပ်သမား ငှားရမ်းခန့်ထားရာမှာ ထိုင်းနိုင်ငံသားတွေ အတွက်လည်း မျှတအောင် ဆောင်ရွက်ပေးရမယ်၊ အလုပ်ရှင်တွေအတွက်လည်း လုံလောက်တဲ့ အလုပ်သမားဦးရေ ရရှိအောင် ဆောင်ရွက်ရမယ်၊ စိုက်ပျိုးမွေးမြူရေးနဲ့ စက်မှုလက်မှုလုပ်ငန်းက ထုတ်လုပ်မှုစွမ်းအားတွေ အရည်အသွေးမြှင့်တင်ဖို့ကို အလေးထားရမယ်လို့ အလုပ်သမားဝန်ကြီးက ပြောသွားပါတယ်။

နိုင်ငံခြားအလုပ်သမား စီမံခန့်ခွဲရေးဌာန ညွှန်မှူး နိုင်းဆုမ်ချိုင်း မောလကွတ်ဆရီဝမ်း ကလည်း စီမံချက်ပြီးဆုံးပေမဲ့ ဆက်လက်ပြီး ထိုင်းအလုပ်သမားတွေအတွက် ချန်ထားတဲ့ အလုပ်တွေကို ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်နေတာတွေလည်း ဆက်ပြီး စစ်ဆေးသွားမယ်၊ ပြည်တွင်းစီးပွားရေး လည်ပတ်မှုကို ထိခိုက်စေလို့ဖြစ်တယ်၊ ဥပမာ ဈေးလည်ပတ်ရောင်းချတာ၊ ရိုးရာအနှိပ်လုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းတွေ၊ ပြီးတော့ ထိုင်းနိုင်ငံသား အမည်ခံပြီး လုပ်ကိုင်နေတာတွေပေါ့။ ရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်ခွင့်မပြုတဲ့အလုပ် ၄၀ မျိုးရှိတယ်။ နိုင်ငံခြားသားတွေအနေနဲ့ အထောက်အထားအပြည့်အစုံရှိရင် ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေးတွေ ရရှိမယ်၊ အလုပ်ရှင်တွေအနေနဲ့ မိမိအလုပ်သမားကို ထိုင်းနိုင်ငံထဲမှာ တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရအောင် အထောက်အထားပြည့်စုံအောင် သတ်မှတ်ထားတဲ့ အချိန်အတွင်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း ပြောသွားပါတယ်။

နောက်ထပ်သိလိုတဲ့ အချက်တွေကို အလုပ်သမားစီမံခန့်ခွဲ‌ရေးဦးစီးဌာန ဝက်ဘ်ဆိုက် doe.go.th ကနေရော ဘန်ကောက် နယ်မြေ ၁ မှ ၁၀ ရှိ အလုပ်သမားရုံးမှာ ဆက်သွယ် မေးမြန်းနိုင်သလို အလုပ်သမားရုံး အရေးပေါ်ဖုန်းလိုင်း ၁၅၀၆ နဲ့ ၁၆၉၄ တို့ကနေလည်း ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Source-  ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013