
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေနဲ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်က တိုက်ပွဲတွေဟာ စစ်အာဏာရှင်တပ်ရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) နဲ့ ၄ မိုင်အကွာထိရောက်ရှိလာပြီး တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။
အာရက္ခတပ်တော် (AA) ရဲ့ထိုးစစ်ဟာ ကျားမသောက်ရွာနားမှာရှိတဲ့ အမှတ် ၉၀၈ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ) အထိ ရောက်ရှိလာပြီး စစ်တွေ ဒကစ နဲ့ ပိုမိုနီးကပ်လာနေတာပါ။
ရခိုင်ဒေသခံ စစ်ရေးရင်းမြစ်တယောက်က “စအရ ၉၀၈ ကကျတာလို့ပြောတယ်။ ဒါပေမဲ့ အသေးစိတ်မသိရဘူး။ အဲ့တာကြောင့် ဒကစ နဲ့နီးပြီဆိုပြီး သတင်းတွေ ထွက်နေကြတာ။ အဲဒီကနေဆိုရင် ဒကစ ကို ၄ မိုင်ပတ်ဝန်းကျင်နီးပါးပဲ။ ပါဒလိပ်ဘက်မှာလည်း တိုက်ပွဲရှိနေတယ် ” လို့ပြောပါတယ်။
စအရ ၉၀၈ ကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ DVB အနေနဲ့ အတည်မပြုနိုင်သေးသလို အာရက္ခတပ်တော် (AA) ကလည်း ထုတ်ပြန်တာမရှိသေးပါဘူး။
တခြားစစ်တွေမြို့ခံကတော့ ကျားမသောက်ဘက်ကနေ သေနတ်ပစ်သံတွေကို အဓိက ကြားရလေ့ရှိသလို မြို့ပြင်ပတ်ဝန်းကျင်ကနေလည်း လက်နက်ကြီးသံနဲ့ လေယာဉ်ဗုံးကြဲသံတွေကို ကြားရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ အမြင့်ကျွန်းနဲ့ ပါဒလိတ်ဘက်၊ ရွှေမင်းဂံဘက်တွေမှာ တိုက်ပွဲဆက်ရှိပုံရပေမဲ့ ပေါက်တောဘက်အခြမ်း ငပြီကျွန်းဘက်ကနေ ပစ်ခတ်သံတွေ အရင်လိုမကြားရတာ ၂ ရက်လောက် ရှိပြီလို့ မြို့ခံတွေက ပြောပါတယ်။











