DVB Logo
Home
မြန်မာသတင်း
၂၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၉၀၀၀ ခန့် ဖမ်းဆီးရမိ
DVB
·
October 7, 2024
၂၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၉၀၀၀ ခန့် ဖမ်းဆီးရမိ
Donate to DVB

ပြီးခဲ့တဲ့ ၂၁ လ အတွင်း စစ်ကောင်စီဘက်က စစ်သုံ့ပန်း ၉၀၀၀ လောက် ဖမ်းဆီးရမိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းတွေအရ သိရပါတယ်။ 

၂၀၂၃ ခုနှစ် တနှစ်လုံးမှာ ဖမ်းဆီးရမိတဲ့ အရေအတွက်ထက် ၂၀၂၄ ခုနှစ် ၉ လအတွင်း ဖမ်းဆီးရမိတဲ့ အရေအတွက်က ၁၁  ရာခိုင်နှုန်းကျော်ထိ တိုးလာတာလည်း ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ၂၁ လအတွင်းမှာ  ဖမ်းဆီးရမိတဲ့ စစ်ကောင်စီအဖွဲ့ဝင် စစ်သုံ့ပန်းအရေအတွက်က ၈၉၉၇ ယောက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေထဲ ရဲ၊ စစ်သား၊ အကျဉ်းဦးစီးဌာနက လူတွေအပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

တိုးများလာတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းထားပေမဲ့ နိုင်ငံတကာအဖွဲ့တွေ လာရောက်ကြည့်ရှုဆောင်ရွက်ပေးတာ အားနည်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ 

“ဒီတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့သဘောဆန္ဒအလျောက် ကိုယ့်ရဲ့ မိခင်တပ်ရင်းကိုပြန်သွားချင်တယ်၊ ဆေးကုသပြီး ပြန်သွားချင်ရင်တော့ ICRC လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းကတဆင့်ပြန်လည်ပြီးတော့ လွှဲပြောင်းပေးတာရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံက အဲဒီလိုလူမျိုးတွေက ကုသမှုပြီးလို့ ပြန်မယ်ဆိုရင်တောင်မှ သူ့ရဲ့ စစ်တပ်ဘက်ကိုမသွားဘူး။ စစ်တပ်ကလည်း အဲဒီလူတွေကို ပြန်လည်အရေးယူတာ ဖြစ်တဲ့အတွက် ပြန်မယ့်အစား ဒီမှာပဲ နေချင်တယ်ဆိုပြီးတော့ ဖြစ်တာ၊ မဟုတ်လည်း တခြားနေရာကိုပဲ ပို့ပေးပါ ဆိုတဲ့အရာမျိုး ဖြစ်တယ်။ ဆိုတော့ အဲဒီနေရာမှာ နိုင်ငံတကာရဲ့ အဖွဲ့အစည်းတွေက ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီးတော့ စီစဉ်ပေးတာ၊ လွှဲပြောင်းပေးတဲ့အပိုင်းမှာ အားနည်းတဲ့အတွက် ကျနော်တို့ သက်ဆိုင်ရာဌာနတွေမှာ ဝန်ထုပ်ဝန်ပိုးကြီးက အများကြီးဖြစ်တာက လက်တွေ့ ကြုံနေရတဲ့အခက်အခဲတွေပဲ ဖြစ်ပါတယ်။”

၂၀၂၃ ခုနှစ်မှာ စစ်သုံ့ပန်း ၆၇၁ ဖမ်းဆီးရမိခဲ့ပြီး ရဲက ၁၁၂ ယောက် စစ်သား ၅၅၇ ယောက် အကျဉ်းဦးစီးက ၂ ယောက် ပါဝင်ပါတယ်။ 

၂၀၂၄ ခုနှစ် ၉ လအထိက စစ်သုံ့ပန်း  ၈၃၂၅  ယောက် ဖမ်းဆီးရမိခဲ့ပြီး ရဲဝန်ထမ်း ၃၂၂ ယောက်၊ စစ်သား ၆၄၀၃ ယောက် နဲ့ သူတို့ရဲ့ မိသားစုဝင်အပါအဝင် တခြားသော စစ်ကောင်စီအဖွဲ့ဝင် ၁၆၀၁ ယောက် ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါက ၂၀၂၃ တနှစ်လုံးနဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ ခုနှစ်ရဲ့ ၉ လအတွင်းမှာ ၁၁ ရာခိုင်နှုန်းကျော် တိုးလာတာလည်း ဖြစ်ပါတယ်။

စစ်ပွဲဆိုင်ရာ ပြဋ္ဌာန်းချက်တွေထဲမှာတော့ ဘက်ပြောင်းလာတဲ့သူတွေ၊ လက်နက်ချ ဖမ်းဆီးမိတဲ့သူတွေနဲ့ တိုက်ပွဲမှာ မပါနိုင်တဲ့သူတွေဆိုရင်တော့ “တိုက်ပွဲမှာ တိုက်ရိုက်မပါတဲ့သူ” လို့ သတ်မှတ်လို့ရပြီး သူတို့ကို ထိန်းသိမ်းထားတဲ့ ကာလအတွင်းမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ ဆက်ဆံရမှာဖြစ်ပြီး ညှဉ်းဆဲသတ်ဖြတ်တာတွေ မလုပ်ဆောင်ရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ 

ဒါပေမဲ့ နယ်မြေစိုးမိုးမှု အားလျော့လာတဲ့ စစ်ကောင်စီဘက်ကတော့ လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာဘဲ သူတို့ရဲ့ လုံခြုံရေးအတွက် သုံ့ပန်းတွေကို သက်ဆိုင်ရာဆီ ပို့ဆောင်တာတွေမလုပ်ဘဲ အလွယ်တကူ သတ်ဖြတ် လက်စဖျောက်လိုက်တာတွေ ပိုလုပ်လာတယ်လို့ CDM ဗိုလ်ကြီးကောင်းသူဝင်းက ပြောပါတယ်။

“ဒီလိုမျိုး စစ်သုံ့ပန်းတွေ မိတဲ့အခါကျရင် သူတို့အနေနဲ့ ကိစ္စတုံးပစ်လိုက်တဲ့ အနေအထားတွေပေါ့၊ လက်စဖျောက်ပစ်လိုက်တယ်။ သူတို့အလုပ်လည်း ပိုမရှုပ်တော့ဘူး၊ သူတို့ လုံခြုံရေးအရပေါ့။ ဆက်ပြီးလုပ်ရမယ့် ကိစ္စတွေလည်း ဆက်လုပ်စရာ မလိုတော့ဘူးပေါ့နော်။ တနေရာနဲ့ တနေရာ ပို့တဲ့အခါကျရင် လူလည်း ပင်ပန်းတယ်၊ သူတို့သွားရတဲ့ လမ်းခရီးမှာ အန္တရာယ်လည်း ရှိနိုင်တယ်။ ကျနော်တို့ ပြည်သူတွေဘက် ကြည့်ရမယ်ဆိုရင်တော့ ဒါက မတရားခံလိုက်ရတဲ့ အနေအထားမျိုးပေါ့။ သူတို့ကိုယ်သူတို့ ကာကွယ်ချင်တယ်၊ သူတို့ကိုယ်သူတို့ သက်သာချင်တယ်၊ သူတို့ ဒုက္ခမရောက်ချင်တယ်၊ လုပ်ထုံးလုပ်နည်းကိုကျော်ပြီး တရားမဝင် အဓမ္မ လုပ်ပစ်လိုက်တဲ့ အနေအထားတွေကို အခုနောက်ပိုင်းမှာ အများကြီးတွေ့ရပါတယ်။”

ဂျနီဗာ သဘောတူညီချက်ထဲမှာတော့ စစ်သုံ့ပန်းတွေနဲ့ပတ်သက်ပြီး လူသားဆန်စွာ ပြုမူဆောင်ရွက်ရမယ်၊ သူတို့နဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို မျှဝေရမယ်၊ သူတို့ကိုထားတဲ့ အကျဉ်းစခန်းတွေဆီကို ကြားနေနိုင်ငံက အစိုးရအရာရှိတွေအနေနဲ့ သွားရောက်ခွင့်ရှိရမယ် စတဲ့အချက်တွေပါရှိပါတယ်။

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းမှာ တိုင်းရင်းသားအဖွဲ့တွေ၊ PDFs လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲပေါင်း အနည်းဆုံး အကြိမ်ပေါင်း ၁၇၀၀၀ ဖြစ်ပွားခဲ့ပြီး နိုင်ငံအတွင်းက မြို့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ ပဋိပက္ခနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013