
ရွေးကောက်ပွဲပြိုင်ဘက် ၂ ယောက်အနက် တယောက်ကို ထောင်ချထားပြီး ထင်ရှားတဲ့ အတိုက်အခံတွေ ဝင်ပြိုင်ခွင့် ပိတ်ခံထားရတဲ့ တူနီးရှားသမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ကိုင်ဆာအိဒ် အနိုင်ရတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။
အောက်တိုဘာ ၆ ရက် ရွေးကောက်ပွဲမှာ ဆာအိဒ်ဟာ တချိန်က မဟာမိတ်ဖြစ်ခဲ့ဖူးတဲ့ ချာ့ဘ် ပါတီခေါင်းဆောင် ဇူဟေယာ မာဂ်ဇိုအီနဲ့ ပြီးခဲ့တဲ့လက ထောင်ချခံထားရတဲ့ အယာချီ ဇမ်မဲလ်တို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။
မဲလာပေးတဲ့သူ အရေအတွက်က ၂၇ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂၀၁၉ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မှာ မဲလာပေးတဲ့ အရေအတွက်ရဲ့ ထက်ဝက်သာ ရှိခဲ့ပါတယ်။
စစ်တမ်းကောက်ယူတဲ့အဖွဲ့ရဲ့ တွက်ချက်မှုအရ ဆာအိဒ်ဟာ မဲ ၈၉ ဒသမ ၂ ရာခိုင်နှုန်းတောင် ရတယ်လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ပါမောက္ခ ဥပဒေပညာရှင်လည်းဖြစ်တဲ့ ဆာအိဒ်က “တော်လှန်ရေး ဆက်လက်တည်တံ့ရမယ်။ တိုင်းပြည်ကို ဆက်လက်တည်ဆောက်ပြီး အကျင့်ပျက် ခြစားသူတွေ၊ သစ္စာဖောက်တွေ၊ လျှို့ဝှက်ကြံစည်သူတွေကို သန့်စင်ရမယ်” လို့ ပြောကြားခဲ့ပါတယ်။
ပြိုင်ဘက်တွေကတော့ စစ်တမ်းရလဒ်ကို လက်မခံဘဲ တကယ့်ရလဒ်ဟာ ကွာခြားမှုရှိနိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။
တူနီးရှားနိုင်ငံဟာ ၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးမှာ တခုတည်းသော အထိုက်အလျောက် အောင်မြင်တဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းမှု ဖြစ်တယ်လို့ ချီးကျူးခံခဲ့ရတဲ့နေရာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၁၉ မှာ အာဏာရလာတဲ့ ဆာအိဒ် လက်ထက်မှာတော့ ဒီမိုကရေစီရေး တိုးတက်မှုတွေ ပြန်ဆုတ်ယုတ်လာခဲ့တယ်လို့ ဝေဖန်ခံရပါတယ်။
အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဆာအိဒ်ဟာ အာဏာအပြန်အလှန်ထိန်းကျောင်းတဲ့ စနစ်တွေကို ဖယ်ရှားခဲ့ပြီး အတိုက်အခံတွေကို ဖိနှိပ်၊ ဖမ်းဆီး၊ ထောင်ချခဲ့ပါတယ်။
ဆာအိဒ်ကတော့ အကျင့်ပျက်တဲ့ အထက်လွှာတွေ၊ သစ္စာဖောက်တွေကို ရှင်းလင်းတာသာ ဖြစ်ပြီး သူဟာ အာဏာရှင်မဟုတ်ဘူးလို့ ငြင်းထားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ဆာအိဒ်ကို ကန့်ကွက်ကြတဲ့ အကြီးဆုံးပါတီတွေက ထင်ရှားတဲ့ ခေါင်းဆောင်အများအပြားကို ထောင်ချပစ်ခဲ့ပါတယ်။
ဒါကြောင့် အခုရွေးကောက်ပွဲမှာ အဲဒီပါတီကြီးတွေက ဘယ်သမ္မတလောင်းမှ ထောက်ခံမထားပါဘူး။ အတိုက်အခံတချို့လည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ခံထားရပါတယ်။
Source-Reuters