
တူနီးရှားနိုင်ငံ၊ မြို့တော်တူးနစ်မှာ အောက်တိုဘာ ၁၇ ရက်က လူထောင်ချီဟာ သမ္မတခိုက်စ်ဆိုဒ်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
ဒါဟာ နှစ်ပေါင်းများအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ပြီး၊ သမ္မတဟာ ဒီမိုကရေစီစနစ်ကို ထိခိုက်ပျက်ပြားစေသလို စီးပွားရေးကို စီမံခန့်ခွဲရာမှာ မှားယွင်းချို့ယွင်းတာတွေ ရှိနေတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုပါတယ်။
နိုင်ငံရေး အမြင်သဘောထား ကွဲပြားတဲ့ အတိုက်အခံပါတီတွေက ရှေ့နေတွေ၊ ဆရာဝန်တွေ၊ သတင်းထောက်တွေ၊ အလုပ်လက်မဲ့ ပြည်သူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ သမ္မတရဲ့ အုပ်ချုပ်မှုကို ပိုကြီးတဲ့ စိန်ခေါ်မှုတရပ် ဖြစ်လာခဲ့ပါတယ်။
အဓိက အလုပ်သမားသမဂ္ဂဖြစ်တဲ့ UGTT နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ဦးဆောင်ကျင်းပတဲ့ ဒီဆန္ဒပြပွဲဟာ တူနီးရှားနိုင်ငံအနေနဲ့ စီးပွားရေးအကျပ်အတည်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ယိုယွင်းလာခြင်း၊ ရေနဲ့ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်ခြင်း၊ ဆေးဝါးတွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ရှားပါးလာခြင်းစတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရချိန်မှာ ပေါ်ပေါက်လာတာပါ။
သမ္မတဟာ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေအတွင်း အာဏာအများအပြားကို သူ့လက်အောက် ရောက်အောင် သိမ်းယူခဲ့ပါတယ်။
သူဟာ လွှတ်တော်ကို ဖျက်သိမ်းခြင်း၊ တရားသူကြီး ဒါဇင်ချီကို ရာထူးကနေ ထုတ်ပယ်ခြင်းနဲ့ အမိန့်အာဏာတွေ ထုတ်ပြန်အုပ်ချုပ်ခြင်းတို့ကို လုပ်ခဲ့လို့ အတိုက်အခံအဖွဲ့တွေက သူ့လုပ်ရပ်တွေကို အာဏာသိမ်းမှုတခုအဖြစ် ဖော်ပြခဲ့ကြပါတယ်။
သမ္မတဟာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းထောက်တွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေအပေါ် ဖိနှိပ်ဖြိုခွင်းတာတွေ ပိုပြင်းထန်လာခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြောပါတယ်။
သမ္မတကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အာဏာရှင်မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အတိုက်အခံတွေက လူမှုရေး မငြိမ်မသက်ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ စီးပွားရေးအကျပ်အတည်းတွေကို ဖန်တီးနေကြတယ်လို့ သမ္မတက ပြန်စွပ်စွဲထားပါတယ်။
အတိုက်အခံ အင်အားစုတွေအတွင်း နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ အကွဲအပြဲတွေကြောင့် လူအများအပြားကို စုစည်းနိုင်စွမ်း အားနည်းနေခဲ့ရာက ခုဆန္ဒပြပွဲဟာ သမ္မတအတွက် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတခု ဖြစ်လာခဲ့ပါတယ်။
Source: Reuters











