အယ်လ်ဘေးနီးယား ဆန္ဒပြပွဲတွင် ရဲအရာရှိ ၁ ဦး ဓာတ်ဆီပုလင်းဗုံး ထိမှန်

အယ်လ်ဘေးနီးယားနိုင်ငံမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ကျောင်းသားတွေ ဦးဆောင်ကျင်းပတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတခုအတွင်း အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
နိုင်ငံရဲ့ မြို့တော်တီရာနာမှာ စုဝေးရောက်ရှိနေကြတဲ့ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေ မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး၊ ရဲတပ်ဖွဲ့ကလည်း ရေအမြောက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
အနားမှာ ဓာတ်ဆီပုလင်းဗုံးတလုံး ပေါက်ကွဲခဲ့လို့ ရဲအရာရှိတယောက်ရဲ့ ခန္ဓာကိုယ်ပေါ် မီးကူးစက်လောင်ကျွမ်းခဲ့ပေမဲ့ တခြားရဲအရာရှိတွေက မီးကို ချက်ချင်း ငြှိမ်းသတ်ပေးနိုင်ခဲ့ပါတယ်။
အစိုးရအဖွဲ့ထဲက အကျင့်ပျက်ခြစားမှုတွေ အလုပ်အကိုင်ရှားပါးမှုနဲ့ ပညာရေးစံနှုန်း နိမ့်ကျမှုတွေအပေါ် မကျေနပ်ချက်တွေကြောင့် ပေါ်လာတဲ့ ကျောင်းသားဦးဆောင်တဲ့ ဆန္ဒပြပွဲ တွေဟာ အောက်တိုဘာလလယ်ပိုင်းကတည်းက မြို့တော် တီရာနာ အလယ်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့ပြီး တခြားမြို့ကြီးတွေကိုပါ ပျံ့နှံ့သွားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သားမက်ဖြစ်သူ ဂျရဒ်ကုရှ်နာက ထောက်ခံအားပေးထားတဲ့ ကမ်းရိုးတန်းဒေသ ဇိမ်ခံစီမံကိန်းတခုကို ဆန့်ကျင်ပြီး နွေရာသီကာလအတွင်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ပြီးတဲ့နောက် ခုလို မငြိမ်မသက် ဖြစ်လာခဲ့တာပါ။
ဒီအခြေအနေဟာ ၂၀၁၃ ခုနှစ်ကစပြီး အာဏာရယူထားပြီး၊ ပြီးခဲ့တဲ့နှစ်က စတုတ္ထမြောက် သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ဝန်ကြီးချုပ် အက်ဒီရာမာအတွက် အကြီးမားဆုံး စိန်ခေါ်မှုတခု ဖြစ်လာခဲ့ပါတယ်။
Source: Reuters











