DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်နိုင်ငံတွင်း မငြိမ်မသက်မှုများအပေါ်  ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ရန် ကုလတိုက်တွန်း 
DVB
·
November 11, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ပြင်သစ်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုအထိ ဆန္ဒပြမှုတွေ ဆက်ဖြစ်နေတာကြောင့်၊ ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေကို ကိုင်တွယ်ရာမှာ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မဲ့ အချိုးတကျ တုံ့ပြန်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြင်သစ်အာဏာပိုင်တွေကို နိုဝင်ဘာ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ပြင်သစ် ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှု ကျူးလွန်သူတွေကို တာဝန်ခံမှုရှိရှိ အရေးယူပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက အတိအလင်း တောင်းဆိုထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူ သာမင်း အယ်လ်-ခိတာန်က ဂျနီဗာမှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါ့အပြင် သူတို့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကို အာဏာပိုင်တွေထံ တိုက်ရိုက် အသိပေးထားပြီး၊ ရဲတပ်ဖွဲ့အနေနဲ့ အချိုးကျကျ တုံ့ပြန်ဖို့နဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ သီးသန့် အစီအမံတွေ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထောက်ပြခဲ့တယ်လို့ ပြောပါတယ်။

ပြည်သူတွေရဲ့ လူမှုရေးဆိုင်ရာ မကျေနပ်ချက်တွေကို ဖြေရှင်းပေးဖို့ မငြိမ်မသက်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ ပိုမိုနက်ရှိုင်းတဲ့ ပြဿနာရပ်တွေအပေါ် အဓိကထားပြီး လူထု ဆွေးနွေးမှုတွေ ဆောင်ရွက်သင့်တယ်လို့ ကုလပြောရေးဆိုခွင့်ရှိသူ အယ်လ်-ခိတာန်က ပြောပါတယ်။

ကျောင်းတွေမှာ ရန်ပုံငွေ မလုံလောက်မှုကြောင့် စတင်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ သီတင်းပတ် အတော်ကြာလာတာနဲ့အမျှ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေအပေါ် မကျေနပ်မှုအဖြစ် ကျယ်ပြန့်လာခဲ့တာပါ။

အဲဒီမငြိမ်မသက်မှုတွေဟာ အောက်တိုဘာ ၁၇ ရက်က မြို့ကြီးအများအပြားမှာ ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေ အတွင်း ဆိုင်လုယက်မှုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအထိ အရှိန်မြင့်သွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ အံ့အားသင့်သွားစေခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က တုံ့ပြန်ပုံတွေကြောင့် ပြင်သစ်မှာ ရာဘာကျည်နဲ့ လက်ပစ်ဗုံးပစ်လောင်ချ သုံးစွဲမှုကို ရပ်ဆိုင်းဖို့ ပြန်လည်တောင်းဆိုလာကြပါတယ်။ 

ဒီလက်နက်တွေကို တခြားဥရောပနိုင်ငံ အများစုမှာ မသုံးဘဲ၊ Amnesty International နဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေကလည်း အလွန်အန္တရာယ်များပြီး မမျှတတဲ့ နည်းလမ်းဖြစ်တယ်လို့ မကြာသေးခင်နှစ်တွေအတွင်း အကြိမ်ကြိမ် ဝေဖန်ခဲ့ကြတာပါ။

စက်တင်ဘာလက ကျောင်းသားတွေ စတင်ဆန္ဒပြချိန်ကတည်းက ရဲတပ်ဖွဲ့ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IGPN) က အမှု ၁၀၀ ကျော် စုံစမ်းစစ်ဆေးနေပြီး၊ ဆန္ဒပြသူတွေထဲမှာ မေးရိုးကျိုးတာ၊ မျက်စိကွယ်တာနဲ့ လက်ပြတ်တာတွေအထိ ပြင်းထန်တဲ့ ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ အစီရင်ခံထားပါတယ်။

ဝန်ကြီးချုပ် ဆေဘတ်စတီယန် လာကောရ်နူးကတော့ ဒီဆန္ဒပြပွဲတွေကို ဆယ်စုနှစ်များစွာအတွင်း အကြမ်းဖက်မှု အဆိုးရွားဆုံးအဖြစ် ပြောပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013