
ပါကစ္စတန်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကရာချိမှာ မတ် ၁၈ ရက် ညက မိုးသည်းထန်စွာရွာပြီး မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၆ ယောက် သေဆုံးသွားတယ်လို့ အဒ်ဟီဖောင်ဒေးရှင်း လူမှုကူညီရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မိုးအဆက်မပြတ် ရွာလွန်းတာကြောင့် မြို့နေရာ အတော်များများမှာ ရေတင်နေပြီး လမ်းတွေပါ ရေလျှံသွားခဲ့ပါတယ်။ မုန်တိုင်းကြောင့်လည်း မြို့အနှံ့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။
ကရာချိမြို့မှာ မိုးရွာသွန်းမှုနဲ့ မုန်တိုင်းတွေကြောင့် လူ ၁၆ ယောက် သေဆုံးခဲ့ရကြောင်းကို အဒ်ဟီ ဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေးတာဝန်ရှိသူ မိုဟာမက်အာမင်းက အတည်ပြုခဲ့ပြီး အလောင်းတွေကို မြို့ပြဆေးရုံနဲ့ ဂျင်နား ဆေးရုံတွေကို ပို့ထားပြီးပြီလို့ ဆိုပါတယ်။
“အတည်ပြုပြီးတဲ့ အလောင်းတွေကို သက်ဆိုင်ရာအာဏာပိုင်တွေဆီ လွှဲပြောင်းပေးနေပြီး အတည်မပြုနိုင်တဲ့ အလောင်းတချို့ကို အဒ်ဟီ ဖောင်ဒေးရှင်းရဲ့ ရင်ခွဲရုံကို ရွှေ့ပြောင်းနေပါတယ်။ အတည်ပြုပြီးရင် ဆွေမျိုးတွေဆီ လွှဲပြောင်းပေးသွားမှာပါ” လို့ ပြောပါတယ်။
Source: Reuters










