DVB Logo
Home
မြန်မာသတင်း
လေကြောင်းနှင့် လက်နက်ကြီးကြောင့် ပေါက်နှင့် ဂန့်ဂေါက ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး
DVB
·
October 6, 2024
လေကြောင်းနှင့် လက်နက်ကြီးကြောင့် ပေါက်နှင့် ဂန့်ဂေါက ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး
1 / 2
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ ယောက်နဲ့ အမျိုးသမီးကြီး ၁ ယောက် သေဆုံးခဲ့ပြီး  ဂန့်ဂေါမြို့နယ်မှာလည်း လေကြောင်းကနေ တိုက်ခိုက်လို့ ဒေသခံအမျိုးသား ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ်၊ ရေရှင်မရွာနားကို အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက ဗုံးကြဲခဲ့တာဖြစ်ပြီး ကျွန်းခုံသာရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသားက နွားကျောင်းနေရင်း စစ်ကောင်စီ‌ ဗုံးကြဲတာကို မှတ်တမ်းယူနေတုန်း ထပ်မံ‌လာရောက်ဗုံးကြဲချိန်မှာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ဂန့်ဂေါဒေသခံတေယောက်က “သူက ရေရှင်မရွာနားမှာ နွားကျောင်းနေတာ ဖြစ်နိုင်တယ်ဗျ။ စစ်တပ်က ပထမအကြိမ် ၁၂ နာရီ ၁၅ မိနစ် ဝန်းကျင် လာရောက်ဗုံးကြဲအပြီး သူက  အဲနေရာကို Video ရိုက်နေတာ။ အဲအချိန် ၁၂ နာရီ ၄၅ လောက်မှာ စစ်တပ်ကထပ်ပြီး ဗုံးကြဲလာတာကနေ ဗုံးစမှန်ပြီး ဦးခေါင်းပြတ် သေဆုံးသွားတာ” လို့ ပြောပါတယ်။

ရေရှင်မရွာအနီးမှာ ‌မြို့နယ်အဆင့် ပအဖ အစည်းအဝေးလုပ်တာကို သတင်းပေါက်ကြားပြီး စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

ဂန့်ဂေါပအဖရဲ့ ပြန်ကြားရေတာဝန်ခံတယောက်က “ကျနော်တို့ အဲဒီနားမှာ အစည်းအဝေးလုပ်ဖို့ စုရပ်သဘောမျိုး လူစုတာမှန်ပါတယ်ဗျ။ အစည်းအဝေးနေရာကို သူတို့ လွှဲချလိုက်တာပါ။ အဲဒီမှာ ကျနော်တို့ ပထမတကြိမ် ဗုံးကြဲတာမှာ အစည်းအဝေးလူစုခွဲလိုက်တယ်။ ကျနော်တို့ အစည်းအဝေး ပေါက်ကြားမှုကြောင့် လေကြောင်းတိုက်ခံရပြီး လူသေဆုံးတဲ့အထိ ဖြစ်သွားရတဲ့အတွက် တောင်းပန်ပါတယ်လို့ပဲ ပြောချင်ပါတယ်” လို့ပြောပါတယ်။

စက်တင်ဘာလအတွင်း နိုငံတဝန်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၅၀ ပြုလုပ်ခဲ့ပြီး အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၁၇ ယောက် ရှိတယ်လို့ Blood Money -သွေးစွန်းငွေအဖွဲ့က အောက်တိုဘာ  ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်က ခင်ရှည်တောင်ကျေးရွာကို အောက်တိုဘာ  ၄ ရက်နေ့  ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ကျေးရွာအတွင်း ကျည်ကျရောက်ပေါက်ကွဲပြီး အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ် ၁ ယောက်နဲ့ အသက် ၆၀ ကျော်အမျိုးသမီး ၁ ယောက်တို့ သေဆုံးသွားတယ်လို့ ​ဒေသခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “ရွာထဲကို တည့်တည့်ကျလာတာပါ။ ကျနော်တို့ ရွာထဲမှာ PDF လည်းမရှိပါဘူး။ တိုက်ပွဲတွေလည်းဖြစ်တာ မရှိပါဘူးဗျ။ စစ်တပ်ရဲ့ မဆင်မခြင် ပစ်ခဲ့လို့ မဆီမဆိုင်တဲ့ ကျနော်တို့ ရွာသားတွေ သေဆုံးကြရတာပါ။ ကလေးငယ်လေး ၁ ဦးနဲ့ဆို ၂ ယောက် ဆုံးသွားတာပေါ့။ ၂ ယောက်လည်း ဒဏ်ရာရကြတယ်။ အိမ် ၆ လုံးလောက်လည်း ပျက်ကုန်တယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ခင်ရှည်တောင်ကျေးရွာမှာ နေထိုင်ကြတဲ့ အသက် ၆၀ အရွယ် ဒေါ်ဒေါင်းတင်နဲ့ အသက် ၁ နှစ်ခွဲအရွယ် မောင်ချစ်စွမ်းထက် တို့ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

ပြီးတော့ ဒေသခံတွေဖြစ်တဲ့ အသက် ၆၃ နှစ်အရွယ် ဦးသာဝနဲ့ အသက် ၂၅ နှစ်အရွယ် မစန်းလင်းအောင် တို့ဟာလည်း ထိခိုက်ဒဏ်ရာရရှိ​သွားခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ပြန်ကြားရေးတာဝန်ခံက “ပေါက်မြို့နားက ပျူရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေက ခင်ရှည်တောင်ရွာကို ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်တာလို့ သိရတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ နောက်ထပ်လည်း လေကြောင်းတိုက်ခိုက်မှုရှိပါသေးတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၅ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း ဂန့်ဂေါမြိုနယ်ထဲကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲချခဲ့တဲ့အတွက် ဆင်မကျေးရွာနားမှာ နွားကျောင်းနေတဲ့ အမျိုးသား ၁ ယောက် ခေါင်းပြတ်ပြီးသေဆုံးခဲ့ရတယ်လို့ ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013