
အိန္ဒိယနိုင်ငံ၊ အလယ်ပိုင်းရှိ ကုန်းတွင်းပိတ်ပြည်နယ် ချားတစ်စ်ဂါမှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အောက်တိုဘာ ၅ ရက်မှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သံသယရှိ မော်ဝါဒီ သူပုန် ၃၁ ယောက်ရဲ့ ရုပ်အလောင်းတချို့ကို ဆယ်ယူ ရရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ သံသယရှိသူ သူပုန်တွေအကြား အောက်တိုဘာ ၄ ရက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ချိန်မှာ နာရာရံပူရ်နဲ့ ဒန်တေဝါဒါ ခရိုင်တွေ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်မြေဧရိယာတွေမှာ ရဲတပ်ဖွဲ့က ရှာဖွေခဲ့ပါတယ်။
ဒန်တေဝါဒါ ရဲမှူးကြီး ဂေါင်ရာ့ဗ် ရိုင်က “အောက်တိုဘာ ၄ ရက်မှာ ရဲတပ်ဖွဲ့က မော်ဝါဒီတွေကို ဝိုင်းထားတဲ့အခါ သူတို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား အပြင်းအထန် သေနတ်ပစ်ခတ်မှုဟာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ကနေ ည ၈ နာရီအထိ အပြန်အလှန် ဖြစ်ပွားခဲ့ပါတယ်”လို့ပြောပါတယ်။
ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။
မော်ဝါဒီ သူပုန်တွေဟာ ကွယ်လွန်သူ တရုတ်ခေါင်းဆောင် မော်စီတုံးကနေ ပြန့်ပွားလာတဲ့ ကွန်မြူနစ်ဝါဒကို လက်ခံ အသိအမှတ်ပြုကာ အစိုးရကို ပြောက်ကျားပုံစံ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး အထူးသဖြင့် အိန္ဒိယ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ဆယ်စုနှစ်ချီ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်စလုံး အချိန်အခါအလိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတော့ အသေအပျောက်လည်း များခဲ့တာ ဖြစ်ပါတယ်။
Source-Reuters











