DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ် ရွာ ၄ ရွာက ပြည်သူ ၅၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ
DVB
·
October 5, 2024
ဘုတလင်မြို့နယ် ရွာ ၄ ရွာက ပြည်သူ ၅၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ
1 / 5
Donate to DVB

ဘုတလင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတခုလုံးကို PDF တွေက ရှင်းလင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာ ၄ ခုက ပြည်သူ ၅၀၀၀ ထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

စက်တင်ဘာ ၃၀ ရက်မှာ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတခုလုံးကို ဘုတလင်မြို့နယ်အတွင်းမှာ PDF တွေက ရှင်းလင်းတိုက်ခိုက်ခဲ့လို့ နောက်တရက် အောက်တိုဘာ ၁ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာအနီးနားက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေပစ်မှတ်ထားပြီး ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ 

တိုက်ပွဲဖြစ်ပွားခဲ့ရာ စီပါရွာအနီးက မောင်းထောင်ရွာနဲ့ လယ်တီရွာတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အဆောက်အအုံတချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လတ်တလောမှာ မောင်းထောင်ရွာ နဲ့ လယ်တီရွာအပါအဝင် စုစုပေါင်းကျေးရွာ ၄ ခုက အိမ်ခြေ ၁၈၀၀ ဝန်းကျင်မှာ နေထိုင်တဲ့ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒေသခံတယောက်က “နောက်တရက်မှာ လာပစ်တာ ဟုတ်တယ်၊ ဘေးက နာမည်ပေါက်နေတဲ့ မောင်းထောင်ရွာကို ၃ လုံးလာကြဲသွားတယ်။ ပြီးတော့ မောင်းထောင်ရွာ နဲ့ ကပ်လျပ် လယ်တီရွာမှာ တလုံးလာချသွားတယ်။ မောင်းထောင်ရွာမှာ စာသင်ကျောင်းအဆောက်အအုံတလုံး ပြိုကျပျက်စီးသွားတယ်။ ဆေးရုံဆေးခန်းတခု ပြိုကျပျက်စီးသွားတယ်။ ဓမ္မာရုံကို ၁ လုံးချတယ်။ ဓမ္မာရုံကတော့ ပြိုကျပျက်စီးမှုမရှိဘူး။ လယ်တီရွာတော့ တယောက်ကျသွားတယ်။ ပြည်သူတယောက် ဒဏ်ရာရသွားတယ်။ သူလျှိုဒလန်ကနေပြီးတော့ ဒီအဆောက်အအုံထဲမှာ PDF တွေ ခိုလှုံအောင်းနေပါတယ်ဆိုပြီးတော့ သတင်းအတိအကျပေးလို့ လာကြဲသွားတာလို့ ခန့်မှန်းထားတာပေါ့ဗျာ။ ဘေးဝန်းကျင်က ရွာ ၄ ရွာလောက်ကတော့ လောလောဆယ် ရွာနဲ့အိမ်ကို ဘယ်သူမှမကပ်ကြသေးဘူးဗျ။ အပြင်မှာပဲ စစ်ဘေးရှောင်နေရတယ်။ လေယာဉ်နဲ့လာပြီးတော့ ရမ်းသွားတဲ့ဟာနဲ့ပတ်သက်ပြီးတော့ အချိန်မတော် ညမှာ လုပ်သွားမှာစိုးလို့ပြည်သူတွေက ကိုယ့်အိမ်ကိုယ် မနေရဲဘဲဖြစ်နေတာ၊ အရှေ့ဘက်က ရွာတရွာမှာတော့ အိမ်ခြေ ၈၀၀ လောက်ရှိတယ်။ တအိမ်မှ တယောက်မှ ည လူမနေဘူး။ အနောက်ဘက်က ၃ ရွာကလည်း ၃ ရွာပေါင်းဆိုရင် အိမ်ခြေ ၁ ထောင်လောက်ရှိမယ်။ သူတို့လည်း အခုလောလောဆယ်အထိ အိမ်ကို မနေရသေးဘူး၊ စိုးရိမ်မှုကြောင့်ပေါ့ဗျာ။"

စက်တင်ဘာ ၂၀ ရက်၊ ၂၁ ရက်တွေမှာ PDF တွေနဲ့ ထိတွေ့မှုတွေဖြစ်ခဲ့တဲ့ ကူတော်ရွာရဲစခန်းကနေထွက်ခွာလာတဲ့ စစ်ကြောင်းကို စက်တင်ဘာ ၃၀ ရက်နေ့မှာ PDF တွေက အပြီးသတ်ရှင်းလင်းနိုင်ခဲ့တာပါ။ 

တိုက်ပွဲချိန် ၃ နာရီဝန်းကျင်ကြာခဲ့တဲ့ ဘုတလင်နယ် ကျွဲသေချောင်းနဲ့ စီပါရွာအနီးတိုက်ပွဲမှာ ဗိုလ်မှူး ၂ ယောက်အပါအဝင် စစ်သား ၅၀ ကျော်သေဆုံးခဲ့ပြီး ၄၂ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း PDF ခေါင်းဆောင်တယောက်ကပြောပါတယ်။ 

တိုက်ပွဲကနေ လက်နက်ငယ် ၅၇ လက်၊ ၆၀ မမစိန်ပြောင်း ၂ ခု၊  ဒရုန်း ၂ စီး၊ ဂျန်ဘာအကြီးတခုနဲ့ ကျည်ဆန်အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်သားတွေထဲမှာ ကျောင်းသားအရွယ်လူငယ်တွေလည်းပါဝင်နေပြီး စစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာပ ညာသင်ကျောင်းတွေကနေ လက်နက်နဲ့ရိက္ခာသယ်ဖို့ ခေါ်ယူစေခိုင်းခံရတာလို့ အဲ့ဒီလူငယ်တွေက ထွက်ဆိုထားကြပါတယ်။

UNF Column စစ်ကြောင်းမှူး ကိုနိုင်မင်းက “အခုဆို ကျနော်တို့မေးကြည့်တာတွေ တကယ်တမ်းဆိုရင်တော့ ပညာရေးဘက်က သူတို့က အတင်းအကျပ်ခိုင်းလို့ ကျောင်းသားတွေပေါ့ ရိက္ခာပို့လေးသွားမယ်ဆိုပြီးတော့မှ သုံးတဲ့အနေအထားတွေဖြစ်နေတာပေါ့။ သူတို့မှာ စစ်အင်အားကတော့ မလုံလောက်တော့ဘူးပေါ့။ တကယ်တမ်းဆိုရင် ကျောင်းသားတွေ သူတို့စစ်ပညာရေး သင်တန်းအတန်းစာပေါ့နော် အပြင်အစိုးရလိုတော့ မဟုတ်ဘူးပေါ့။ တိုက်ရည်ခိုက်ရည်ကလည်း မမြင့်မားဘူးပေါ့၊ သူတို့ပြောတဲ့အနေအထားဆိုရင်တော့။ လိုထုတ် သုံးတာပေါ့ဗျာ အဲ့လိုပုံစံမျိုး။ စစ်တပ်ပညာရေးပေါ့ဗျာ သူတို့ တိုက်ပွဲအတွေ့အကြုံလည်းမရှိဘူး။ လက်နက်ဆိုတာလည်း ကောင်းကောင်းသင်တန်းပို့ချထားတာမရှိဘူး။ လောလောဆယ်တော့ အင်အားမလောက်လို့ လက်နက်ခဲယမ်းပို့ရင်း ရိက္ခာပို့ရင်းဆိုပြီးမှ အင်အားအပြည့်နဲ့လာခဲ့ကြတာ” လို့ ပြောပါတယ်။

ဘုတလင်နယ်၊ မောင်းထောင်ရွာနဲ့အနီးဝန်းကျင်မှာ PDF တွေခိုအောင်းနေတယ်လို့ ယူဆတဲ့အတွက် စစ်ကောင်စီက ကူတော်ရွာနယ်မြေခံရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။ 

တိုက်ပွဲအရှိန်နောက်ဆက်တွဲအဖြစ် စစ်ကောင်စီက ဖိအားပေးတိုက်ခိုက်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေအကြားမှာ စိုးရိမ်စိတ်မြင့်တက်နေပြီး နေရပ်စွန့်ခွာထွက်ပြေးဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013