
တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်က တရားရုံး ၂ ရုံးဟာ အောက်တိုဘာ ၁၃ ရက်မှာ မြန်မာပြည်မြောက်ပိုင်း အခြေစိုက် တယ်လီကွန်း လိမ်လည်မှုဂိုဏ်းတခုဖြစ်တဲ့ ‘ဝေ’ မိသားစုနဲ့ သက်ဆိုင်တဲ့ အမှုတွေအတွက် ပထမအဆင့် စီရင်ချက်တွေကို ချမှတ်ခဲ့ရာမှာ တရားခံ ၃ ယောက်ကို သေဒဏ်နဲ့ တခြားသူ ၃ ယောက်ကို တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။
ချွမ်ကျိုးနဲ့ နန်အန်းမြို့တွေက ပြည်သူ့တရားရုံးတွေက ဝေဟွာရန်၊ ချန်တာ့ဝေနဲ့ လျောင်ကျင်းဖန် တို့ကို သေဒဏ်ချမှတ်ခဲ့ပြီး ဝေချင်းထောင်၊ ခန်းမင်းနဲ့ ရှုံဟန်ရှင်းတို့ကို တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခဲ့တာပါ။
ဒါ့ပြင် စူးဟုန်ရှန်း၊ တိန့်ကျိတာနဲ့ ချန်လောင်ကျန်း အပါအဝင် တခြားလူ ၅၅ ယောက်ကိုလည်း ၃ နှစ်နဲ့ ၃ လကနေ ၂၄ နှစ်အထိ သတ်မှတ်ကာလ ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့အပြင် ငွေဒဏ်၊ ပိုင်ဆိုင်မှု သိမ်းဆည်းခံရခြင်းနဲ့ ပြည်နှင်ဒဏ်ပေးခံရခြင်း စတဲ့ နောက်ဆက်တွဲ ပြစ်ဒဏ်တွေကိုလည်း ချမှတ်ခဲ့ပါတယ်။
‘ဝေ’ မိသားစုဟာ ‘မင်’ နဲ့ ‘ပိုင်’ မိသားစုတွေ ပြီးတဲ့နောက် တရုတ်ဥပဒေအရ အရေးယူခံရတဲ့ မြန်မာပြည်မြောက်ပိုင်းက “မိသားစုကြီး ၄ စု” ထဲက တတိယမြောက်မိသားစု ဖြစ်ပါတယ်။ ဒီမိသားစုကြီး ၄ စုထဲမှာ ‘ဝေ’ မိသားစုက အန္တရာယ်အကြီးဆုံးလို့ သတ်မှတ်ခံထားရပါတယ်။
ပုဂ္ဂလိကလက်နက်ကိုင်အဖွဲ့တွေကို အားထားခဲ့တဲ့ မြန်မာပြည်မြောက်ပိုင်းက တခြား ကျားဖြန့်ဂိုဏ်းတွေနဲ့ မတူဘဲ ‘ဝေ’ မိသားစုရဲ့ တရားဝင်အသိအမှတ်ပြုထားတဲ့ ပုံမှန် နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေကတဆင့် လှုပ်ရှားဆောင်ရွက်ခဲ့လို့ ထူးခြားတဲ့အာဏာကို ရထားပါတယ်။
‘ဝေ’ မိသားစု ပထမမျိုးဆက်မှာ နိုင်ငံရေးလောကမှာ ခြေကုပ်ယူထားခဲ့သူ ဝေချောင်ရန်နဲ့ ကိုးကန့်နယ်စပ်စောင့်တပ်အပေါ် ဩဇာအာဏာကို လက်ဝါးကြီးအုပ်ထားခဲ့သူ ဝေဟွာရန်တို့ ပါဝင်ပါတယ်။
ဒုတိယမျိုးဆက်ကတော့ တရားမဝင် လုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်ခဲ့ကြပါတယ်။ နယ်စပ်စောင့်တပ်ရဲ့ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဝေဟွာရန်ဟာ အများပြည်သူဆိုင်ရာ အာဏာကို ဗြောင်ကျကျ အလွဲသုံးစားလုပ်ခဲ့ပြီး ဆွေမျိုးသားချင်းတွေကို အဓိကကျတဲ့ စစ်ဘက်ဆိုင်ရာ ရာထူးတွေ တိုးမြှင့်ခန့်အပ်ခဲ့သလို တူဖြစ်သူ ချန်တာဝေကို မိသားစုရဲ့ စစ်ဘက်ဆိုင်ရာ ဆက်ခံသူအဖြစ် ပြုစုပျိုးထောင်ခဲ့ပါတယ်။
တပ်ဖွဲ့ကို အပြည့်အဝ ကြီးကြပ်ခွင့်ကို ချန်ကို ပေးအပ်ခဲ့ပြီး နိုင်ငံတော်ရဲ့ လုံခြုံရေးအာဏာကို မိသားစုရဲ့ ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းတွေအတွက် ပုဂ္ဂလိက အထောက်အကူတခုအဖြစ် ပြောင်းသုံးခဲ့ပါတယ်။
လက်နက်ကိုင်အာဏာကို လက်ဝယ်ပိုင်ဆိုင်ထားပြီးတဲ့နောက် ‘ဝေ’ မိသားစုဟာ လောင်းကစားနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကတဆင့် ကနဦးအရင်းအနှီးကို စုဆောင်းခဲ့ကြပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ လစာကောင်းတဲ့ အလုပ်အကိုင်တွေ ရှိတယ်ဆိုတဲ့ ကောလာဟလတွေကို အင်တာနက်ပေါ်မှာ ဖန်တီးဖြန့်ဝေရင်း တရုတ်နိုင်ငံသား အများအပြားကို ဒေသတွင်းဆီ ဆွဲဆောင်ခဲ့ပါတယ်။
Source: Reuters











