
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က Peter ဘားဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတယောက်ဟာ ဆိုင်ပိုင်ရှင်ရဲ့ ရိုက်နှက် ညှဉ်းပန်းမှုကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖြစ်စဉ်က မေ ၄ ရက် ညပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူဟာ ဆိုင်ကိုလာတဲ့ ဧည့်သည် တယောက်ဆီက မုန့်ဖိုးငွေ ရရှိခဲ့ပေမဲ့ အဲဒီငွေကို ဆိုင်ပိုင်ရှင်ကို မပြောပြခဲ့ဘူးလို့ဆိုကာ ပြင်းပြင်း ထန်ထန် ရိုက်နှက်ခံခဲ့ရတယ်လို့ သိရပါတယ်။
လူမှုကူညီရေး လုပ်ကိုင်သူတယောက်က “အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို အလုပ် ခန့်ထားပြီး လုံခြုံရေးမပေးနိုင်တဲ့အပြင် အကြမ်းဖက်တာက ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တခုပါ။ တာဝန်ရှိသူတွေက ထိထိရောက်ရောက် ကိုင်တွယ်သင့်ပါတယ်” လို့ ပြောပါတယ်။
ကနဦး စစ်ဆေးချက်တွေအရ သေဆုံးသူရဲ့ မျက်နှာ၊ လက်နဲ့ ဝမ်းဗိုက်ပိုင်းတွေမှာ ညိုမည်း ဒဏ်ရာ တွေ တွေ့ရှိထားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အလုပ်ခွင်ဆိုတာ အလုပ်သမားအတွက် လုံခြုံရမဲ့နေရာ ဖြစ်သင့်ပါတယ်။ အလုပ်ရှင်က အလုပ်သမားအပေါ် အကြမ်းဖက်တာ၊ ကိုယ်ထိလက်ရောက် ပြုမူတာမျိုးက လုံးဝ မဖြစ်သင့်ပါဘူး။ ဒီဖြစ်စဉ်က အလုပ်သမားအခွင့်အရေး ကာကွယ်မှု ဘယ်လောက် အားနည်း နေသလဲဆိုတာ ထင်ရှားစေပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာ ဖြစ်စဉ်ကျူးလွန်သူဆိုင်ပိုင်ရှင် အောင်မျိုးသူ(ခ)ပီတာဟာ မေ ၅ ရက် မနက်က မော်တော်ဆိုင်ကယ်နဲ့ ဆိုင်ကနေ ထွက်ခွာသွားခဲ့ပြီး အခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ(ခ)ပီတာဟာ ယခင်ကလည်း အလုပ်သမားတွေနဲ့ နီးစပ်သူတွေအပေါ် ကိုယ်ထိလက်ရောက် ပြုမူတတ်သူအဖြစ် ဝေဖန်ခံထားရသူ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အရွယ်မရောက်သေးတဲ့ လူငယ်တွေကို စားသောက်ဆိုင်၊ KTV နဲ့ ဘားလုပ်ငန်းတွေမှာ အလုပ်ခန့်ထားတာတွေ၊ အလုပ်ခွင်အတွင်း အကြမ်းဖက်ဆက်ဆံမှုတွေ ရှိနေတယ်ဆိုပြီး ဒေသခံ တွေကြား ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဒီဖြစ်စဉ်ပြီးနောက်ပိုင်း ကလေးအလုပ်သမားတွေရဲ့ လုံခြုံရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ် ပေးမှုနဲ့ လုပ်ငန်းရှင်တွေရဲ့ တာဝန်ယူမှုအပေါ် လူမှုကွန်ရက်နဲ့ ဒေသခံအသိုက်အဝန်းအတွင်း စိုးရိမ် ပူပန်မှုတွေ ပိုမိုမြင့်တက်လာနေတယ်လို့ သိရပါတယ်။










