DVB Logo
Home
မြန်မာသတင်း
ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းသမား ၂ ဦး ဖမ်းဆီးခံရသည့်ကိစ္စ မသိရှိဟု KIA ပြော
DVB
·
October 4, 2024
ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းသမား ၂ ဦး ဖမ်းဆီးခံရသည့်ကိစ္စ မသိရှိဟု KIA ပြော
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ‌စက်တင်ဘာ ၂၉ ရက်က အလွတ်တန်းသတင်းသမား ၂ ယောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KIO) က ဖမ်းဆီးသွားတယ်လို့  ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောကြားလိုက်ပြီး KIO ကတော့ ဒီကိစ္စ မသိရှိဘူးလို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေက ဖားကန့်သတင်းထောက် ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ ဖြစ်ပါတယ်။ ကိုတာလင်းမောင်က Red New Agency သတင်းဌာနရဲ့ အလွတ်တန်း သတင်းထောက်တယောက် ဖြစ်သလို ကိုနောင်ရိုးကလည်း ဖားကန့်ဒေသအတွင်းမှာ အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

သူတို့နဲ့နီးစပ်တဲ့ ဒေသခံတယောက်က “ကိုတာလင်းမောင်ကို မနက်ပိုင်းမှာ လာဖမ်းတာ။ ကိုတာက အပြင်ရောက်နေတော့ မသိဘူး။ သူများကပြောမှသိတာ။ နေ့လယ် ၁၂ ခွဲ‌လောက် ကျတော့ KIA ဘက်ကလူက ကိုတာနဲ့သိတဲ့ PDF တယောက်က‌တဆင့် စားသောက်ဆိုင်တဆိုင်ကို ချိန်းခိုင်းလိုက်တာ။ တခြားကိစ္စနဲ့ လှည့်ပြီး ခေါ်ထုတ်ခိုင်းတဲ့ပုံစံပေါ့။ ကိုတာကလည်း သိတဲ့သူဆိုတော့ ယုံပြီးသွားလိုက်တာ။ အဲ့မှာတင် အဆက်အသွယ်ပြတ်သွားတာ” လို့ ပြောပါတယ်။

ဆိုင်းတောင်နဲ့ ဖားကန့်ကြားမှာရှိတဲ့ Jade Garden စားသောက်ဆိုင်ပိုင်ရှင်ကို KIA တိုက်နယ်မှူးက တာဝန်ကျ  PDF အဖွဲ့‌တွေကို အကြောင်းမကြားဘဲ ကယ်ထုတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကိုတာလင်းမောင်ဟာ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးတင်ခဲ့တာကြောင့် ဖမ်းတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောပါတယ်။

ဒါ့အပြင် ကိုနောင်ရိုးကလည်း ကိုတာလင်းမောင် အဖမ်းခံရတဲ့ကိစ္စကို စုံစမ်းတာကြောင့် စက်တင်ဘာ ၂၉ ရက် ည ၈ နာရီဝန်းကျင်မှာ ထပ်မံဖမ်းဆီးခံရတာလို့ ဒေသခံက ပြောပါတယ်။

“ကိုနောင်ရိုးက ကိုတာကြီး ဖမ်းခံရတယ်ကြားလို့ လိုက်စုံစမ်းတာ။ ဒီလိုမျိုး သတင်းထောက် အမှန်တိုင်းရေးတဲ့ဟာကို ဖမ်းရလား။ ငါ့ဆီမှာလည်း အချက်အလက်တွေ ရှိတယ်ပေါ့။ အဲ့လိုပြောခဲ့ပြီး ညဘက်မှာ လာဖမ်းသွားတာ။”

သတင်းသမား ၂ ယောက်ကို  ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး  KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ဘက်ကတော့ ဘာမှသတင်းမတက်ဘူး၊ အဲဒါနဲ့ပတ်သက်လို့တော့။ ဖမ်းထားတယ် ဆိုတာလည်း ကျနော်တို့ဘက်တော့ မကြားဘူး။ အဲဒါနဲ့ပတ်သက်လို့ ကျနော်လည်း မေးတော့ မေးထားတယ်၊ ဘယ်သူမှ ဘာမှ ပြောလာတာ မရှိသေးဘူး” လို့ DVB ကို ပြောပါတယ်။

ကိုတာလင်းမောင်ဟာ မြေပြင်သတင်းတွေ တင်ဆက်ရင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက် ကလည်း အမည်မသိလူတွေရဲ့ ကားနဲ့လိုက်တိုက်ခံရတာကြောင့် အသက်ဘေးကြုံခဲ့ရပါတယ်။

ကိုတာလင်းမောင်က ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ အာဏာဖီဆန်ခဲ့တဲ့ CDM ဝန်ထမ်းတယောက် ဖြစ်တဲ့အပြင် ဖားကန့်သပိတ်ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ကိုနောင်ရိုးကိုလည်း စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ် ၉ ရက်က ဆန္ဒပြပွဲမှာ သတင်းဓာတ်ပုံ ရိုက်ကူးတာကြာင့်  ၁ နှစ်နဲ့  ၇ လလောက် ဖမ်းဆီးထားခဲ့ဖူးပါတယ်။

ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ဟာ နိုင်ငံရေးအကျဉ်းသားတွေအရေး ကူညီဆောက်ရွက်ပေးနေသူတွေလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013