DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်ထွက် သီးနှံများ စျေးနှုန်း ၃ ဆအထိ မြင့်တက်
DVB
·
October 4, 2024
ရှမ်းပြည်နယ်ထွက် သီးနှံများ စျေးနှုန်း ၃ ဆအထိ မြင့်တက်
Donate to DVB

ရန်ကုန် ကုန်စိမ်းဈေးကွက်မှာ ရှမ်းပြည်နယ်ထွက်ကုန်ပစ္စည်းတွေ ဈေး ၃ ဆအထိ မြင့်တက်လာပြီး အရည်အသွေးတွေလည်း ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တဲ့အတွက် ရန်ကုန် ဟင်းသီးဟင်းရွက် ဈေးကွက်မှာ ရှမ်းကုန်ပစ္စည်း စတင်ရှားပါးလာသလို ဈေးနှုန်းတွေလည်း တက်လာပါတယ်။

ရန်ကုန်မြို့က ထောက်ကြန့် လက္ကားဈေးမှာ ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိလာတဲ့ ကုန်ပစ္စည်းတွေကို တဆင့် ပြန်လည်ရောင်းချသူတယောက်က ပစ္စည်းပြတ်လပ်တဲ့ အခြေအနေကို ရှင်းပြပါတယ်။

“အခြေအနေကတော့ ပစ္စည်းတွေက ပြတ်တာပေါ့။ ရေမြုပ်တာကမြုပ်၊ ပန်းဂေါ်ဖီတွေဆိုရင် ပိုဆိုးတယ်။ ပါကိုမပါကြဘူး။ ဂေါ်ဖီဆိုရင် အခု သိပ်ပစ္စည်း မရှိတော့ဘူး။ ပြတ်နေတယ်။ ခါတိုင်းလောက် မပေါတော့ဘူး။”

ရှမ်းပြည်တောင်ပိုင်းဒေသဟာ အရင်ကတည်းက ခရမ်းချဥ်သီး၊ မုန်ညှင်း၊ မုန်လာ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ရွှေပဲသီး၊ ဘိုစားပဲ၊ ကြက်သွန်ဖြူအပြင် ထောပတ်၊ လိမ္မော် စတဲ့ သီးနှံတွေ အများဆုံးထွက်ရှိရာဒေသဖြစ်ပြီး မြန်မာ့စားဖိုချောင်လို့လည်း တင်စားကြတာဖြစ်ပါတယ်။

အောင်ပန်းကုန်စည်ဒိုင်က ပွဲရုံပိုင်ရှင်တယောက်ကတော့ လတ်တလော ရေကြီးရာကနေ ပြန်မကျနိုင်သေးတဲ့ အင်းလေးကန်ဒေသ ရေကြီးနစ်မြုပ်မှုကြောင့် အင်းထဲနဲ့ ကမ်းပါးအစပ်တွေမှာ စိုက်ပျိုးထုတ်လုပ်ကြတဲ့ သီးနှံတွေရဲ့ အခြေအနေကို အခုလိုပြောပါတယ်။

“အဲဒီအင်းကလည်း ဘာမှတော့ မထိရောက်တာ မဟုတ်ပေမဲ့လည်း သူ့ဆီက အင်းကုန်ဝင်မလာရင် တအားသိသာတယ်။ ဥပမာ ခရမ်းချဥ်ဆိုရင် အင်းလေးက မထွက်တော့ဘူး သိတာနဲ့ ကျန်တဲ့နေရာတွေမှာ အကုန်ဇန်းခတ်သွားပြီးတော့ ဈေးတွေက ကမောက်ကမတွေ ဖြစ်ကုန်တယ်။ ပစ္စည်းတွေပြတ်သွားတဲ့ သဘော။ အဲတော့ ခရမ်းချဉ်သီးဆိုရင် အင်းလေးက မထွက်နိုင်ဘူးဆိုတာနဲ့ ခရမ်းချဉ်ဈေးကွက်ကို ရုတ်ချည်း ပြောင်းပြန် ပြန်ဖြစ်သွားစေတယ်။ အရင် ၃၀၀ နဲ့ လွှင့်ပစ်နေရတဲ့အချိန်မှာ ရေရုတ်တရက်ကြီးလာပြီး အင်းလေးက မထွက်နိုင်တဲ့ အခြေအနေမှာ ခရမ်းချဥ်က အခုဆိုရင် ၂,၀၀၀ အထိ ပြန်တက်သွားတယ်။ ဘာလို့လဲဆိုရင် အင်းလေးက ခရမ်းချဥ်သီး အဓိကထွက်တာ။ ခရမ်းချဥ်သီးတခုနဲ့တင် ရိုက်ခတ်မှု တော်တော်ကြီးသွားတယ်။”

ရှမ်းပြည်နယ်ထွက်ကုန်တွေထဲမှာ မနှစ်ကရာသီတူကာလနဲ့ နှိုင်းယှဥ်ရင် ရွှေပဲသီးတပိဿာကို ကျပ် ၂၀,၀၀၀ ကနေ ကျပ် ၆၀,၀၀၀၊ မုန်ညှင်းတပိဿာကို ကျပ် ၂,၀၀၀ မှ ကျပ် ၁၀,၀၀၀၊ ခရမ်းချဥ်သီး တပိဿာကို ကျပ် ၅၀၀ မှ ကျပ် ၃,၅၀၀ စသဖြင့် မြင့်တက်လာတာဖြစ်ပါတယ်။

ကုန်ဈေးနှုန်းတွေ တက်လာသလို ရေစိုမိုးထိထားတဲ့ သီးနှံတွေမှာ အရည်အသွေးတွေ ကျဆင်းလာတာတွေလည်း ဖြစ်လာပါတယ်။ အရည်အသွေး ကျဆင်းလာတာက ပွဲရုံတချို့က သဘာဝဘေးကြောင့် အထွက်လျော့လာတဲ့ ကုန်စိမ်းသီးနှံတွေကို ဈေးတင်ရောင်းချဖို့အတွက် ရသလောက် လှောင်ထားကြတာကလည်း အရည်အသွေးကို ကျဆင်းစေသလို လမ်းခရီးက စစ်ဆေးရေးဂိတ်တွေမှာ အစစ်ဆေးခံချိန် ကြာမြင့်တာကလည်း သီးနှံအရည်အသွေးကို ထပ်မံကျဆင်းစေတာ ဖြစ်ပါတယ်။

ရှမ်းကုန်စည်ရှားပါးချိန်ဖြစ်လို့ အရည်အသွေးညံ့တဲ့ ကုန်စည်ဈေးကွက်အခြေအနေကို လက်လီရောင်းချသူတယောက်က အခုလိုပြောပါတယ်။

“ရောင်းရတာပဲလေ။  ပစ္စည်းက စုတ်စုတ်ပြတ်ပြတ်။ ဟိုကကုန်သည်က တင်တယ်ဆိုရင် ကောင်းတဲ့ပစ္စည်းလည်း ရောင်းပေးရတယ်၊ မကောင်းတဲ့ပစ္စည်းလည်း ရောင်းပေးရတယ်။ ရှုံးတဲ့အခါရှိသလို မြတ်တဲ့အခါလည်းရှိတယ်။”

ရှမ်းပြည်တောင်ပိုင်းရဲ့ ထွက်ကုန်တွေထဲက ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါး စတဲ့သီးနှံတွေကို မြေပြန့်ဒေသတချို့မှာ စိုက်ပျိုးကြပေမဲ့လည်း တောင်ပေါ်အအေးပိုင်းဒေသက ထွက်ရှိလာတဲ့ သီးနှံတွေက ပိုပြီး နူးညံ့တဲ့အတွက် ရွေးချယ်စားသုံးကြတာ ဖြစ်ပါတယ်။

လတ်တလော  အဲဒီဒေသမှာ မိုးတွေကလည်း ဆက်ရွာနေသလို ရေမကျသေးတဲ့ဒေသတွေလည်း ရှိနေတဲ့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလည်း စတင်နိုင်တာ မရှိသေးတဲ့အတွက် လာမယ့်ဆောင်းရာသီ သီးနှံစိုက်ပျိုးချိန်ကို လက်လွှတ်ရဖွယ်ရှိပြီး ရှမ်းပြည်တောင်ပိုင်းထွက် သီးနှံတွေ အခုထက်ပိုပြီး ရှားပါးလာဖို့ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013