
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုင်ဖွန်းမုန်တိုင်း ခရတ်သွန်ကြောင့် မိုးသည်းထန်နေပေမဲ့ စိုးရိမ်ရတဲ့ အနေအထားမျိုအထိ မရောက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်ဝမ်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ခရတ်သွန်ရဲ့ သက်ရောက်မှုတွေကြောင့် အောက်တိုဘာ ၂ ရက်ကနေ ၄ ရက်အတွင်း မိုးကြီးမြေပြိုလာနိုင်မယ်လို့ သတိပေးထားတဲ့ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွေမှာ မိုးကောင်းနေတာကလွဲပြီး စိုးရိမ်စရာအနေထားထိ မရောက်သေးလို့ ဒေသခံတွေက ဆိုပါတယ်။
လေရှီးနဲ့ လဟယ်မြို့တွေမှာ အောက်တိုဘာ ၁ ရက်ကတည်းက နေ့စဥ်မိုးရွာနေပြီး အောက်တိုဘာ ၃ ရက်မှာ လေပြင်းတိုက်လို့ တောင်ယာစပါးအနည်းငယ် ထိခိုက်ရုံက လွဲပြီး တခြားစိုးရိမ်စရာအနေအထားမျိုး မတွေ့ရသေးဘူးလို့ လဟယ်မြို့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်က ပြောပါတယ်။
“မုန်တိုင်းကတော့ ၀င်တယ်လို့မကြားဘူး။ မိုးကတော့ သည်းနေတယ်လို့ပြောတယ်။ ဒီနေ့မနက်မိုး မလင်းခင်ကတည်းက ရွာနေတာ ဒီနေ့တနေကုန်မိုးရွာနေတယ်။ မနေ့ကမနက်ပိုင်းကတော့ လေနည်းနည်းတိုက်တယ်။ တချို့အဲ့ဒီခပ်ပြင်းပြင်းလေးတိုက်တယ်နဲ့တူတယ် တောင်ယာစပါးတွေလည်း ကုန်တယ်လို့ အနည်းအကျဥ်းတော့ ကြားနေရတယ်။ ဒေသတွင်းမှာ ဖုန်းလိုင်းအင်တာနက်လိုင်းတွေက ကောင်းကောင်းမရတော့ သတင်းရဖို့တော့ခက်တယ်။”
လက်ရှိ ခန္တီးမြို့နယ်နဲ့ ထမံသီကြား ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ဆက်သွယ်ရေးလိုင်းတွေတော့ ပြတ်နေပြီး မိုးကောင်းလို့ မြေပြိုတာ အိမ်ထိခိုက်တာတွေနဲ့ လူတွေရွေ့ပြောင်းရတာမျိုးထိမရှိသေးဘူးလို့ လဟယ်မြို့ဒေသခံတယောက်က ပြောပါတယ်။
“ပုံမှန်မိုးသည်းရုံပဲ အဲ့လိုတွေမရှိဘူး။ လမ်းပြိုပျက်တာတွေ နောက်အိမ်ပြောင်းတာတွေ အိမ်ပျက်တာတွေဘာမှ မရှိဘူး မုန်တိုင်းက မ၀င်ဘူးဗျ။ ရာသီဥတုမိုးလေ၀သလောက်ပဲ မိုးရွာတာလောက်ပဲ။”
မိုးလေ၀သပညာရှင်တွေရဲ့ ထုတ်ပြန်ချက်အရ လေရှီးနဲ့ လဟယ်မြို့ကြားကတောင်ကြောပေါ် တွေမှာ မိုးရေချိန် ၁၀ လက်မကနေ ၁၅ လက်မအထိ မြင့်တက်လာနိုင်ဖို့ရှိတဲ့အတွက် ဒေသခံတွေကို ဘေးကင်းရာ ကြိုတင်ရွေ့ပြောင်းနိုင်ဖို့ သတိပေးထားတာပါ။
အောက်တိုဘာ ၄ ရက် မနက်ပိုင်းအထိ DVB က ဒေသခံတွေကို ဆက်သွယ်မေးမြန်းချက်အရ ဆိုရင်တော့ မိုးဆက်တိုက်ရွာနေတဲ့အတွက် ဖုန်းနဲ့အင်တာနက်လိုင်းတွေတော့ ပြတ်တောက်နေပြီး ကယ်ဆယ်ရေးလုပ်ရတဲ့အထိ မြေပြိုတာ လူထိတာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။
လဟယ်မြို့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်က “ရွေ့ပြောင်းတဲ့ကိစ္စတွေ ဘာတွေတော့ မကြားဘူး သူကတောတောင်တွေထဲ ခရီးတွေဘာတွေမသွားဖို့ မနေ့ကတည်းက လော်စပီကာနဲ့ မြို့ထဲမှာ လိုက်အော်နေတယ်။ မိုးသုံးရက်လေးရက် ဆက်တိုက်ရွာရင်တော့ မြေတွေက ပြိုမှာ ဒီဘက်မြေတွေကသိပ် မခိုင်ဘူး။ အရင်ကပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း အဲ့လိုပဲ မိုးကသုံးရက်လေးရက် လောက်ဆက်တိုက်ရွာတာနဲ့ မြေကပြိုတော့တာပဲ။ တံတားတွေပါသွားတာ ပဲ အဲ့လိုမျိုးတွေ”လို့ ပြောပါတယ်။
လက်ရှိအထိတော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ မုန်တိုင်းနဲ့ ပတ်သက်လို့စိုးရိမ် စရာမရှိပေမဲ့ မိုးမတိတ်ပဲ ဆက်တိုက်ဆက်ရွာနေပါက နောက်နှစ်ရက်သုံးရက်နေရင် မြေပြိုနိုင်တဲ့ အနေအထားမျိုးတွေတော့ ဖြစ်လာနိုင်တယ်လို့ လဟယ်မြို့လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနဲ့ ထိုင်ဝမ်ကျွန်းကြားမှာ ရောက်ရှိနေတဲ့ မုန်တိုင်းခရာသွန်ကြောင့် ရှမ်းပြည်နယ်အရှေ့နဲ့တောင်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ ကယား၊ ရခိုင်၊ ကချင်နဲ့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းနေရာတွေမှာ သဘာ၀ဘေးအန္တရာယ်တွေဖြစ်တဲ့ တောင်ပြို မြေပြိုမှာကို သတိထားဖို့ မိုးဇလက သတိပေးထားပါတယ်။
မောရစ်










