DVB Logo
Home
မြန်မာသတင်း
တိုင်ဖွန်းမုန်တိုင်း အားလျော့သော်လည်း စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် နာဂဒေသ အထူးသတိထားရန်လို
DVB
·
October 2, 2024
တိုင်ဖွန်းမုန်တိုင်း အားလျော့သော်လည်း စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် နာဂဒေသ အထူးသတိထားရန်လို
Donate to DVB

ထိုင်ဝမ်ကို ဖြတ်ကျော်ဝင်ရောက်တဲ့ တိုင်ဖွန်းမုန်တိုင်း ကာရသွန်ဟာ အားလျော့သွားပြီး တိုင်ဖွန်းငယ်အဆင့်ကို လျော့ကျသွားပြီ ဖြစ်ပေမဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ နာဂဒေသမှာ အောက်တိုဘာ ၂ ရက်နေ့ကစလို့ ၄၈ နာရီအတွင်း မိုးများနိုင်ပြီး တောင်ကျချောင်းရေ တိုက်စားမှုကြောင့် အထူးသတိထားရမယ်လို့ မိုးလေဝသပညာရှင်က သုံးသပ်ထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အနည်းဆုံး လူနှစ်ယောက်သေဆုံးခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ကာရသွန်ဟာ အောက်တိုဘာ ၂ ရက် ညနေပိုင်းမှာ ထိုင်ဝမ်ကျွန်းကို  ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ကာရသွန်ဟာ လက်ရှိမှာတော့ Category 4 အဆင့်ကနေ Category 3 တိုင်ဖွန်းငယ် အဆင့်ကို လျော့ကျသွားပြီပဲ ဖြစ်ပါတယ်။

ကာရသွန် တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံအနေနဲ့ အောက်တိုဘာ ၂ ရက်ကနေ ၃ ရက်အထိ ပြည်နယ်တိုင်းဒေသအချို့မှာ နေရာစိပ်စိပ်ကနေ နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းကစပြီး ၄၈ နာရီအတွင်း မိုးများနိုင်တာကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအနေနဲ့ အထူးသတိထားရမယ်လို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

“နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးနဲ့ လဟယ်ကြား၊ ဒီနေရာကတော့ တောင်တန်းကြီးပေါ့၊ တောကြောကြီးပေါ့နော်၊ ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ကမ်းက တောင်ကြော၊ ဒါကတော့ အင်မတန်ကို သတိထားရမယ့် အခြေအနေပါ။ ပြီးခဲ့တဲ့ တိုင်ဖွန်း ရာဂိ ဝင်ခဲ့တဲ့အချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်တို့ ဘာတို့ဘက်ကို မိုးရွာတုန်းက အခြေအနေလိုမျိုး မိုးရေချိန်ရနိုင်ပါတယ်။ အဲ့ဒီနေရာမှာ များပါတယ်။ မီလီမီတာ ၂၀၀ ကျော်တယ်။ လက်မအားဖြင့်ဆိုရင် ၁၁ လက်မလောက်ထိ မိုးများနိုင်မယ့် အနေအထားပါ။”

မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာတော့ ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအထက် လက်မအားဖြင့် ၁.၁၈ လက်မ အထက် မိုးများနိုင်တယ်လို့လည်း သိရပါတယ်။

ခန္တီးနဲ့ ထမံသီကြား ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးနဲ့ လဟယ်မြို့ကြား တောင်ကြောပေါ်မှာ မိုးအလွန်များနိုင်တာကြောင့် ဒေသတွင်းက လုပ်ငန်းတွေ၊ လူနေအိမ် အဆောက်အဦတွေ ကယ်ဆယ်ရွှေ့ပြောင်းကြဖို့ ဦးဝင်းနိုင်က အောက်တိုဘာလ ၁ ရက်နေ့တုန်းက သတိပေးခဲ့ပါသေးတယ်။

“မိုးအရမ်းများမယ်၊ တောင်ကြောဒေသတွေဖြစ်တယ်။ နောက်တခုက ကျနော် သိထားတာ၊ ကြားထားတာက အဲ့ဒီဒေသတွေမှာ သတ္တုတူးဖော်ရေး လုပ်ငန်း လုပ်တဲ့ အပိုင်းတွေ၊ တချို့ဟာတွေပေါ့နော်၊ ဘယ်လိုတွေ လုပ်နေလဲဆိုတာတော့ ကျနော် အတိအကျ မသိဘူး၊ သို့သော် လုပ်ငန်းလုပ်တာတွေ ရှိတယ်ဆိုတဲ့ အခါကျတော့ ကျနော်တို့ ရမည်းသင်းဘက်က မိုးထိ မိုးမိဘက်က တောင်တွေ ပြိုသလိုမျိုးပေါ့နော်၊ တောင်ကျချောင်းရေ ဒလဟော ဆင်းမယ်၊ တောင်ပြိုမယ်၊ မြေပြိုမယ်၊ နောက်ပြီးတော့ တောင်ကျချောင်းရေ တိုက်စားလို့ ရွာတွေ ထိတာတွေ၊ ဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဆိုတဲ့အတွင်း ချင်းတွင်းမြစ်ကမ်းဘက်မှာ ရွာတွေ အများကြီး ရှိနိုင်တယ်။ ရှိနိုင်တယ် ဆိုတဲ့အခါကျတော့ အဓိကက ရေကြီးတယ်ဆိုတာထက်ကို တောင်ကျချောင်းရေတွေ ရုတ်တရက်ဆင်းမယ်။ တောင်ပြိုမယ်၊ မြေပြိုမယ်၊ အဲ့ဒီအခြေအနေက ပိုပြီးတော့ သတိထားဖို့ လိုပါတယ်။”

အခုတိုက်ခိုက်တဲ့ တိုင်ဖွန်းမုန်တိုင်း ကာရသွန်ပြီးသွားရင်တော့ ဘင်္ဂလားပင်လယ်အော်ဘက်က ထူးခြားမိုးလေဝသ အခြေအနေ မရှိတော့ဘူးဆိုရင် အောက်တိုဘာ ၆ ရက် ၇ ရက်လောက်ကစပြီး မြန်မာနိုင်ငံအပေါ် မိုးများနိုင်တဲ့ အခြေအနေ သက်ရောက်မှုတွေ ပြီးဆုံးသွားပြီလို့လည်း သိရပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013