DVB Logo
Home
မြန်မာသတင်း
အင်းလေးဒေသတွင် ရေညစ်ညမ်းမှုကြောင့် သောက်ရေသုံးရေအခက်အခဲဖြစ်နေ
DVB
·
October 4, 2024
အင်းလေးဒေသတွင် ရေညစ်ညမ်းမှုကြောင့် သောက်ရေသုံးရေအခက်အခဲဖြစ်နေ
Donate to DVB

မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်တဲ့ အင်းလေးကန်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ တလနီးပါး ရေကြီးနစ်မြုပ်နေဆဲဖြစ်ပြီး ဒေသခံတွေဟာ သောက်သုံးရေ၊ အိမ်သာအခက်အခဲနဲ့ လျှပ်စစ်မီးလည်း ပြတ်တောက်နေတာကြောင့် အခက်အခဲကြုံနေကြရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာတော့ ရေကြီးနစ်မြုပ်နေဆဲ အခြေအနေဖြစ်ပြီး ရေအနည်းငယ်ပြန်ကျခဲ့ပေမဲ့ အခုရက်ပိုင်း မိုးရွာသွန်းခဲ့လို့ တောင်ကျ‌ရေ အနည်းငယ်ပြန်ကျတဲ့ အနေအထား ရှိခဲ့ပါတယ်။

မုန်တိုင်းရာဂီအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေကြောင့် ရေကြီးရေလျှံမှုတွေကို ကြုံတွေ့ခဲ့ရတဲ့ အင်းလေးဒေသဟာ တလနီးပါးထိ ရေဘေးဒုက္ခတွေ ခံစားနေရဆဲပါ။

လက်ရှိအချိန်မှာ ရေအနည်းငယ် ပြန်ကျခဲ့ပေမဲ့ အောက်တိုဘာ ၁ ရက်နဲ့ ၂ ရက်က မိုးရွာသွန်းခဲ့တာကြောင့် တောင်ကျရေ အနည်းငယ်ပြန်ကျပြီး ရေတလက်မလောက် ပြန်တိုးလာခဲ့လို့ ပျမ်းမျှအားဖြင့် ရေ ၂ ပေခွဲလောက် ပြန်ကျတဲ့ အနေအထားဖြစ်တယ်လို့ အင်းလေး ဒေသခံတွေက ဆိုပါတယ်။ 

အင်းလေးဒေသက တောင်သူ ဦးမြင့်ဦးကတော့ အခုထိ ရေနစ်မြုပ်နေသေးတဲ့ အချိန်မှာ အခက်အခဲတွေ အများကြီး ကြုံနေရတယ်လို့ ပြောပါတယ်။

“ရေက လျော့မလိုလိုနဲ့ မိုးတခါပြန်ရွာတော့ ကျတော့ကျတယ်၊ အကျနည်းတယ်။ အခက်အခဲဆိုတာကတော့ အများကြီး ရှိပါတယ်။ နောက်ထပ် စိုက်ပျိုးရေးမှာလည်း လိုဦးမယ်ထင်တယ်။ စပါးကလည်း မြုပ်တယ်လေ၊ မြေပဲလည်း မြုပ်တယ်။ မျိုးစေ့တွေကလည်း ရေမြုပ်ကုန်တယ်။ မုန်ညင်းကစ မြုပ်တယ်၊ ဒါမျိုးတွေ လိုတယ်။ လျှပ်စစ်မီးက မရသေးဘူး။ မီးကြိုးတွေက ရေနဲ့ သိပ်မလွတ်သေးဘူးထင်တယ်။ လျှပ်စစ်မီးတော့ အခက်အခဲ ဖြစ်နေတာ။”

အင်းလေးဒေသခံ ဦးအောင်မိုးဟိန်းက “အဓိက အခက်အခဲကတော့ သောက်သုံးဖို့ ရေသန့် မရတာရယ်၊ နောက်တခုက အိမ်သာတွေ အခက်အခဲရှိတယ်၊ အကုန်လုံး မြုပ်သွားတာကိုး။ ကျနော်တို့ ပုံမှန် မြုပ်နေကြထက် အရမ်းကို အပေါ်တက်လာတဲ့အခါကျတော့ ကမ်းစပ်နေရာတွေမှာကျတော့ အင်းလေးကန်ထဲကလောက် အိမ်သာက မမြှင့်ထားဘူးလေ၊ ကမ်းစပ်နေရာတွေကျတော့ လုံးဝ အိမ်သာတွေ မြုပ်သွားတော့ ရေထုညစ်ညမ်းမှုက ပြဿနာအကြီးကြီးပဲ။ နောက်တခုက သောက်ရေသန့်၊ သောက်ရေတွေအတွက် လာလှူကြတဲ့သူတွေ၊ ကလိုရင်းတွေ လှူတဲ့ နေရာလေးတွေ ရှိတော့ အဆင်ပြေတယ်။ ဒါပေမဲ့ သုံးဖို့ ရေတွေက တအားညစ်ညမ်းတယ်။ မိလ္လာတွေနဲ့ ဆိုတော့ စဉ်းစားသာကြည့်တော့” လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၆ ရက်နေ့အထိ ရေဘေးသင့် လူဦးရေ ၁ သန်းခန့်ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီကတော့ ရေကြီးရေလျှံမှုန့် မြေပြိုမှုတွေကြောင့် သေဆုံးသူ ၄၃၆ ဦးအထိရှိပြီး စိုက်ပျိုးဧက ၉ သိန်းနီးပါး ပျက်စီးခဲ့တယ်လို့ အောက်တိုဘာ ၁ ရက်က ထုတ်ပြန်ထားပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013