DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ဗဟိုချုပ်ကိုင်မှုအားကောင်းသည့် နိုင်ငံရေးစနစ် ပေါ်လာရေး တရုတ် ကြိုးစားနေဟု လေ့လာသူများ သုံးသပ်
DVB
·
October 3, 2024
မြန်မာတွင် ဗဟိုချုပ်ကိုင်မှုအားကောင်းသည့် နိုင်ငံရေးစနစ် ပေါ်လာရေး တရုတ် ကြိုးစားနေဟု လေ့လာသူများ သုံးသပ်
Donate to DVB

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေ လိုချင်တဲ့ နိုင်ငံရေးစနစ်တခု မဟုတ်ဘဲ ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပေါ်လာရေးကိုသာ ဦးစားပေးပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ တရုတ်-မြန်မာအရေး လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း ရှုပ်ထွေးလာတဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ပြန်လည်တည်ငြိမ်အောင် တရုတ်နိုင်ငံဘက်က စဉ်းစားတဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေ လိုချင်တဲ့ လူထုထောက်ခံမှုအရ ပေါ်ပေါက်လာမယ့် အစိုးရမျိုး၊ ဒီမိုကရေစီဆန်တဲ့ စနစ်မျိုးကို လိုလားဟန်မတူဘဲ တစုတဖွဲ့ တဦးတယောက်တည်းကနေ ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ စနစ်မျိုးကို ပိုလိုလားနေတယ်လို့ တရုတ်-မြန်မာအရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါကြောင့်ပဲ လူထုထောက်ခံမှုရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အာဏာရှင်ဆန့်ကျင်ရေး တပ်ပေါင်းစုတွေအပြင် အနောက်နိုင်ငံအစိုးရတွေနဲ့ နီးစပ်မှုရှိတယ်လို့ ယူဆတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကို ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ဘဲ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အာဏာသိမ်းစစ်တပ်နဲ့ တရုတ်အစိုးရဩဇာ သက်ရောက်တဲ့ တိုင်းရင်းသားအဖွဲ့တွေကို တွေ့ဆုံစေပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းကာ စစ်တပ်အာဏာတည်မြဲရေးကို ကြိုးစားပေးနေတာလို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက “တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးကို ချဉ်းကပ်တဲ့အခါမှာ အကျိုးစီးပွားတခုတည်းပေါ်မှာသာ ဦးစားပေး စဉ်းစားတဲ့အတွက်ကြောင့် အာဏာသိမ်းစစ်တပ်ကိုသာ ဦးတည်စဉ်းစားတာမဟုတ်ဘဲ သူ့နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်တဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကိုပါ ထည့်သွင်းစဉ်းစားတဲ့အတွက် တရုတ် ရင်းနှီးမြှုပ်နှံမှုရှိတဲ့ နေရာတွေကို တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ်မှုတွေရှိလာရင် နိုင်ငံရေးအရ နေရာတခု ရလာနိုင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုတွေကြောင့် သူတို့ရဲ့ အကျိုးစီးပွားတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ပြီး ဆုံးရှုံးနစ်နာမှုတွေ မရှိအောင် တော်လှန်ရေးအင်အားစုတွေ တွေ့ဆုံဆွေးနွေးနိုင်မယ့် အခင်းအကျင်းမျိုးစုံကို စဉ်းစားနေတာရှိတယ်လို့ တရုတ်နိုင်ငံ ရှင်ကျင်းတက္ကသိုလ် တွဲဖက်သုတေသန ပါမောက္ခလည်း ဖြစ်သလို တရုတ်-မြန်မာအရေး လေ့လာသူ ဒေါက်တာမျိုးနိုင်က ပြောပါတယ်။

ဒါကြောင့်ပဲ တရုတ်နိုင်ငံဘက်က မြန်မာလူထု ထောက်ခံမှုမရှိတဲ့ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ထွက်ပေါက်တခုဖြစ်နိုင်တယ်လို့ ယူဆပြီး တွန်းအားပေး လုပ်ဆောင်နေတာဖြစ်သလို အာဏာရှင်အစိုးရအောက်မှာ လုပ်ကိုင်ရတဲ့ စီးပွားရေးဟာ ပိုမိုလုပ်ကိုင်ရလွယ်တာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ သူတို့ ကျောထောက်နောက်ခံပေးထားတဲ့ တိုင်းရင်းသားတွေကို အာဏာသိမ်းစစ်ကောင်စီနဲ့ အပစ်ရပ်ဆွေးနွေးမှုတွေကို လုပ်ဆောင်စေပြီး အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် အစိုးရနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေးထားတဲ့ တိုင်းရင်းသားအခွင့်အရေးတွေကိုယူဖို့ တိုက်တွန်းမှုတွေ ရှိလာပါတယ်။

ဒါပေမဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အပြည့်အဝရမှာမဟုတ်သလို စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့  ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ကိုင်စွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်အာဏာရှင်စနစ်ကို ဘယ်လိုနည်းနဲ့မှ ဖြေရှင်းလို့ မရနိုင်တာကြောင့် အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီး နိုင်ငံတော်အသစ်တခု ထူထောင်ဖို့ ကြိုးစားနေတာလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး- ၂   ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ နယ်မြေအများစုကို ဆုံးရှုံးထားပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၈၀ ကျော်ထဲမှာ တရုတ်နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ မြို့တွေအပြင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ထားတဲ့ နယ်မြေအများစုလည်း ပါဝင်ပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013