DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်းကောက်ယူရာ၌ မပူးပေါင်းသည့် ပညာရေးဝန်ထမ်းများစာရင်းကို စစ်ကောင်စီ တောင်းနေ
DVB
·
October 3, 2024
သန်းခေါင်စာရင်းကောက်ယူရာ၌ မပူးပေါင်းသည့် ပညာရေးဝန်ထမ်းများစာရင်းကို စစ်ကောင်စီ တောင်းနေ
Donate to DVB

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ ပျက်ကွက်နေတဲ့ Non-CDM ပညာရေးဝန်ထမ်းတွေရဲ့ စာရင်းကို စစ်ကောင်စီက တောင်းယူနေတယ်လို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းမှာ တတိုင်းလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူတဲ့လုပ်ငန်းကို ပညာရေးဝန်ထမ်း NO-CDM ဆရာ၊ ဆရာမတွေကို စာရင်းကောက်၊ စာရင်းစစ်ခန့်ကာ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ကျိုက်လတ်မြို့နယ်မှ ပညာရေးဝန်ထမ်းတယောက်က “မိသားစု လုံခြုံအဆင်မပြေတဲ့ကိစ္စနဲ့ တခြားအခက်အခဲဖြစ်နေလို့ မဆောင်ရွက်နိုင်ကြောင်း တင်ပြခဲ့တာ။ အစကတော့ ခွင့်ပြုသလိုလိုနဲ့ မနေ့က အထက်က စာရင်းတောင်းလို့ ဆိုပြီးတော့ ပြောတာ။ ဘာလို့ သန်းခေါင်စာရင်း ကောက်တဲ့လုပ်ငန်းမှာ မပါလဲပေါ့။ အရေးယူမလို့တဲ့၊ ဘယ်လိုအရေးယူမလဲတော့ မသိသေးဘူး။ မသိတော့ပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းကို စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာန၊ လဝက၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ စစ်ကောင်စီတပ်တို့နဲ့အတူ Non-CDM ပညာရေး ဝန်ထမ်းတွေက လုပ်ဆောင်ပေးရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက် အဖွဲ့ဝင်တယောက်က “တချို့က Non-CDM ဖြစ်နေပေမဲ့ မလွှဲမရှောင်သာလို့ စစ်ကောင်စီလက်အောက်မှာ လုပ်နေရတာ။ မိသားစုနဲ့ တခြားအခက်အခဲတွေကြောင့်လေ။ တချို့ Non-CDM ကလည်း သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းတွေကို လုပ်မပေးချင်ဘူး။ သူတို့ ပစ်ခတ် သတ်ဖြတ်ခံရမှာ ကြောက်တာပေါ့။ စစ်ကောင်စီက ဖိအားပေး ခိုင်းတော့လည်း နီးရာဓား ကြောက်ရတာကို။ အခုတောင် သန်းခေါင်စာရင်းက ကောက်လို့မပြီးသေးဘူး၊ သူတို့နဲ့ ပူးပေါင်းမဆောင်ရွက်တဲ့သူတွေကို စာရင်းကောက်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းထဲက Non-CDM  ပညာရေးဝန်ထမ်းတွေကို ၁၅ ရက်နဲ့ ၁၀ ရက် ရက်တို သန်းခေါင်စာရင်းကောက်ယူတဲ့ သင်တန်းပေးပြီး အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ သန်းခေါင်စာရင်း ကောက်ခိုင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ NLD ပါတီ အရပ်သားအစိုးရလက်ထက်က ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစစ်၊ မဲရေတွက်၊ မဲစာရင်းကောက် စတဲ့လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ အခု Non-CDM ပညာရေးဝန်ထမ်းတွေနဲ့ CDM ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက အာဏာသိမ်းပြီး လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မဲလိမ် မဲခိုးရာမှာ ပါဝင်တဲ့ သူခိုးတွေဖြစ်တယ်လို့ စွပ်စွဲခဲ့ကြောင်း ပညာရေးဝန်ထမ်းတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013