
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ စာသင်ကျောင်းတွေမှာ ဝင်ရောက် သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေဟာ စားဝတ်နေရေးနဲ့ ဘဝရပ်တည်ရေးအတွက် အခက်အခဲမျိုးစုံကို ကြုံတွေ့နေရပါတယ်။
စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတာ ဆရာ၊ ဆရာမတွေအတွက် ထားရှိတဲ့ ဆောင်ပုဒ် စကားစုလေး ဖြစ်ပေမဲ့ စစ်မြေပြင်နဲ့ စစ်ရှောင်စခန်းမှာ ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာတွေအတွက်တော့ နာသုံးနာထက်ပိုတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခုရဲ့ စာသင်ကျောင်းမှာ စာသင်နေတဲ့ ဆရာမ မဇာဇာက စာသင်ချိန်ပြီးရင် ဘဝရပ်တည်ရေးအတွက် အပြင်က ရရာအလုပ်ကို လုပ်ရပါတယ်။
“ဒီမှာ စာသင်တယ်ဆိုပေမဲ့လည်း သူက လစာအနေနဲ့ Fees အနေနဲ့ ရထားတာမျိုး မရှိဘူးပေါ့။ နေ့တပိုင်း အချိန်လေးက တခြားအဲလိုလုပ်ငန်းလေးတွေပေါ့၊ တောလုပ်ငန်းပေါ့နော်၊ ဝင်ငွေလေးရအောင် လိုက်ကြတယ်။ ကျန်တဲ့တပိုင်းက စာလာသင်ပေါ့၊ ဒီဘက်မှာတော့ ကောက်စိုက်တယ်တို့၊ အဲဒီလို အငှားလုပ်ငန်းလေးတွေ လိုက်ကြတာပေါ့။”
အသက် ၂၈ နှစ်ရှိပြီတဲ့ မဇာဇာက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့အချိန်မှာ မူလတန်းပြဆရာမ ဘဝကနေ CDM ပြုလုပ်ခဲ့သူပါ။
ဆရာမဇာဇာတို့ နေထိုင်တဲ့ကျေးရွာက ပြည်သူ့စစ် (ဒေသအခေါ် ပျူစောထီး) တွေ စိုးမိုးတဲ့ကျေးရွာ ဖြစ်တာကြောင့် အာဏာသိမ်းပြီး လပိုင်းအကြာတည်းက ကျေးရွာကိုစွန့်ခွာပြီး စစ်ဘေးရှောင် စခန်းမှာ နေထိုင်ရင်း စာသင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဆရာမ မဇာဇာက “တကယ်တော့ ဝင်ငွေက တအားကြီးတော့မရဘူး။ ဒီမှာ ငွေကောက်ဖို့ ကျတော့လည်း စစ်ရှောင်တွေဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင်ကို အားလုံးက လက်လုပ်လက်စားပေါ့၊ ကိုယ့်ရပ်ရွာက မြေတွေ အိုးအိမ်တွေကို စွန့်ပြီးမှ ဒီမှာ ပြေးလာပြီးတော့မှ နေကြရတာဖြစ်တဲ့အတွက် တောလုပ်ငန်းတွေ လုပ်ကြတယ်။ တနေ့လုပ်မှ တနေ့စားရတာ ဖြစ်တဲ့အတွက် သူတို့ဆီကနေ အဲလို ပိုက်ဆံကြီးကောက်ဖို့အတွက်ကလည်း ခဲယဉ်းနေတာပေါ့” လို့ ပြောပါတယ်။
ဒီလို အခက်အခဲတွေကြားမှာ ကျောင်းဆရာမအဖြစ် ဆက်လက်ရပ်တည်နေတာ မဇာဇာ တယောက်တည်းတော့ မဟုတ်ပါဘူး။
အသက် ၄၀ အရွယ် ဆရာမနွယ်နွယ်ကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကြားကာလ စာသင်ကျောင်းမှာ စာသင်ကြားပေးနေတာပါ။
ဆရာမနွယ်နွယ်ကလည်း စာသင်ကျောင်းမှာ စာသင်နေပေမဲ့ မိသားစုစားဝတ်နေရေးအတွက် ငွေကြေးလိုအပ်ချက်တွေ ရှိနေပါတယ်။
ဒါပေမဲ့လည်း ဘဝတိုးတက်ရေးကို လုပ်ဆောင်ဖို့အတွက် စာသင်ကျောင်းကို စွန့်ခွာဖို့အတွက်တော့ မတတ်နိုင်သေးဘူးလို့ ဆရာမနွယ်နွယ်က ပြောပြပါတယ်။
“ကျောင်းစာသင်ချိန်ကိုတော့ ပြည့်မီအောင် သင်ပြီးတော့မှ ကျန်တဲ့အချိန်မှာ ကိုယ့်အလုပ် ကိုယ်လုပ်ကြရတာတွေ ရှိတယ်။ ကိုယ်တိုင်က ဒီတော်လှန်ရေးကာလမှာ ကိုယ်တတ်တဲ့ တခြားအလုပ်တွေနဲ့ အသက်မွေးဝမ်းကြောင်းပြုပြီး အပြင်ထွက်နေလို့ရပေမဲ့လည်း ကိုယ်က ပညာရေးဝန်ထမ်းလည်း ဖြစ်တယ်၊ ကိုယ်တွေမှာ တာဝန်ရှိတယ်၊ ကိုယ့်တာဝန်လို့ ယူဆပြီးတော့မှ တကယ်စေတနာနဲ့ သင်ကြားပေးနေကြတာပေါ့။”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံအနှံ့က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ ဒေသတွေမှာ ကြားကာလ ပညာရေးကို ဖော်ဆောင်နေတာပါ။
ဒါပေမဲ့ ကြားကာလပညာရေးမှာ ဝင်ရောက်သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကိုတော့ ပညာရေးဝန်ကြီးဌာနက လစာသဘောမျိုး မပေးနိုင်တဲ့အတွက် ကျောင်းသားမိဘတွေက ပေးတဲ့ ထောက်ပံ့ကြေးအနည်းငယ်သာ ရရှိကြပါတယ်။
တချို့ဒေသက ဆရာ၊ ဆရာမတွေကတော့ ထောက်ပံ့ကြေးတောင်မရတဲ့ အခြေအနေတွေ ရှိနေပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာတော့ ကြားကာလစာသင်ကျောင်း ၁၁၂ ကျောင်း ဖွင့်ထားပြီး ဆရာ၊ ဆရာမ ၁,၃၀၀ နီးပါးက ပညာသင်ကြားပေးနေပါတယ်။
သင်ကြားရေးမှာ ဝင်ရောက်နေတဲ့ ဆရာ၊ ဆရာမတွေကို ထောက်ပံ့ကြေးပေးရတဲ့ အခြေအနေကို ဆားလင်းကြီးမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာဦးဝင်းဘိုက ပြောပြပါတယ်။
“မြို့နယ်ကပဲဖြစ်ဖြစ် တခြားအဖွဲ့အစည်းကပဲဖြစ်ဖြစ် ရလာတဲ့ အချိန်ကျတော့ တယောက်ကို ၅ သောင်းနှုန်းနဲ့ သင်ကြားရေးဝင်နေတဲ့သူတွေကို ရွေးထုတ်ပြီး ထောက်ပံ့ပေးရတဲ့ ပုံစံမျိုးလေး အဲလောက်ပဲ ရှိတာပါ။ သူတို့က ဘယ်လိုပုံစံနဲ့ လည်ပတ်နေရလဲဆိုရင် ရပ်ရွာတွေကနေမှ ကျောင်းသားမိဘတွေကို ထောက်ပံ့ပေးတာနဲ့ပဲ လည်ပတ်နေရတဲ့ အနေအထားလေးပေါ့။ တရွာနဲ့ တရွာတော့ မတူဘူးပေါ့၊ ၅ သောင်းရတဲ့ ရွာလည်းရှိတယ်၊ တသိန်းရတဲ့ရွာလည်း ရှိတယ်၊ သူ့ရွာလေးနဲ့ သူပေါ့။”
ကြားကာလပညာရေးမှာ ပါဝင်နေတဲ့ ဆရာ၊ ဆရာမတွေဟာ ဘဝရပ်တည်ရေး ခက်ခဲတဲ့အပြင် စစ်အာဏာရှင်တပ်ရဲ့ NUG ပညာရေးကျောင်းတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကလည်း ရှိနေတယ်လို့ ဆရာမ မဇာဇာက ပြောပါတယ်။
“လေကြောင်းတို့ လက်နက်ကြီးတို့နဲ့ ပတ်သက်ပြီး သတိပေးတဲ့ အိုင်ကွန်ပေါ့၊ အဲဒီစက်တွေကို အမြဲတမ်းဖွင့်ထားပြီးတော့ အဲဒါကိုလည်း နားစွင့်နေရတယ်၊ ပြီးတော့ စာကိုလည်း သင်ရတယ်၊ တခါတလေ လေကြောင်းက ရှုပ်ထွေးလာပြီဆိုရင် ကလေးတွေကို စာသင်ချိန်ထက်စောပြီး ပြန်လွှတ်လိုက်ရတာမျိုးပေါ့၊ တခါတလေဆို ဗုံးခိုကျင်းထဲ အမြန်ဝင်ခိုင်းရတာမျိုးပေါ့၊ လေကြောင်းနဲ့ လက်နက်ကြီး အခြေအနေလိုက်ပြီးတော့ ကျောင်းက အဖွင့်အပိတ်လုပ်ရတယ်။”
ဒါပေမဲ့ စစ်ဘေးကြားမှာ ပညာရေးရပ်တန့်နေလို့ မရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စာဆက်သင်ဖြစ်နေတယ်လို့ ဆရာမ မဇာဇာက သူ့ခံစားချက်ကို ပြောပြပါတယ်။
“ဒီမှာ စပြီးတော့ ကျောင်းပြန်ဖွင့်လိုက်တဲ့ အနေအထားက ကလေးတွေကိုပဲ ကြည့်လိုက်တာပေါ့၊ အစ်မတို့က ဒီကျောင်းလေးရှိတော့ ကလေးတွေက ဘေးကိုလည်း သွားလိုက်စရာ မလိုတော့ဘူး။ ကိုယ့်စစ်ရှောင် ကမ့်ပ်လေးမှာပဲ ကိုယ့်ကျောင်းလေးရှိတယ်။ အဓိကကတော့ ကလေးတွေ အဆင်ပြေဖို့ ဒီကလေးတွေရဲ့ ပညာရေး ဒါကိုပဲတွေးပြီးတော့ လုပ်ဖြစ်တာ။”
ဒီလိုခံယူချက်တွေနဲ့ စစ်ဘေးရှောင်ဒေသတွေမှာ ကလေးတွေ ပညာရေးအဆက်မပြတ်ဖို့ သင်ကြားပေးနေပေမဲ့ ဝန်ကြီးဌာနက ထိုက်သင့်တဲ့လစာတခုရဖို့ကိုတော့ ဆရာ၊ ဆရာမတွေက မျှော်လင့်နေကြပါတယ်။
သီရိ











