
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းကနေ ဖောင်းခါးကျွန်းကို လာတဲ့ စက်လှေတစင်း ဇူလိုင် ၃၁ ရက်က နစ်မြုပ်ခဲ့ပြီး ပညာရေးဝန်ထမ်း ၅ ယောက်၊ ကျောင်းသားတယောက်နဲ့ အရပ်သား ၃ ယောက်တို့ ရေနစ်သေဆုံးခဲ့ကြတယ်လို့ တောင်ကုတ်မြို့နယ်က ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့မှာ လပတ်အစည်းအဝေးနဲ့ လစာလာထုတ်တဲ့ ဆရာ၊ ဆရာတွေ၊ ကျောင်းသားတွေနဲ့ ဒေသခံတွေ အပါအဝင် လူ ၁၃ ယောက် လိုက်ပါလာတဲ့ စက်လှေဟာ တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်း၊ မကျည်တောဆိပ်ကမ်းကနေ ကလိန်တောင်ကျွန်းကို ထွက်ခွာလာချိန် ပန်းတင်ကျွန်းအနီး အောင်စိတ်ကေမြစ်မှာ လှိုင်းကြီးမှုကြောင့် နေ့လယ် ၃ နာရီကျော်မှာ စက်လှေ နစ်မြုပ်ခဲ့တာလို့ တောင်ကုတ်ဒေသခံ ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းဒေသခံ အမျိုးသားတယောက်က “စက်လှေက ပုံမှန် ခရီးသည် ပြေးဆွဲနေတဲ့ စက်လှေဗျာ။ အဲဒီနေ့က မိုးရွာ၊ လှိုင်းကြီးတော့ ဘယ်လိုနစ်မြုပ်မှု ဖြစ်သွားတာ မသိဘူး။ အနီးအနားကလူတွေ ကယ်ဆယ်လိုက်လို့ အသက်ရှင်လိုက်သူ ၄ ဦးရှိတယ်။ အခု မြုပ်သွားတဲ့နေရာက ပင်လယ်ဝကိုထွက်တဲ့ မြစ်ဝဆိုတော့ ရေစီးက အရမ်းသန်တယ်။ သေဆုံးသွားတဲ့သူတွေအထဲမှာ ပညာရေးဝန်ထမ်း ၅ ဦး၊ ကျောင်းသားတဦးနဲ့ အရပ်သား ၃ ဦး ပါတယ်။ အလောင်းတွေ အကုန်လုံးကိုတော့ ဆယ်ယူရရှိထားပါပြီ” လို့ ပြောပါတယ်။
သေဆုံးသွားသူတွေမှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေဖြစ်ကြတဲ့ ဒေါ်ပပစိုး (၃၀ နှစ်)၊ ဒေါ်အိဖြူ (၂၃ နှစ်)၊ ဦးပြည့်စုံဟိန်း (၂၉ နှစ်)၊ ဒေါ်အေးအေးမူ (၂၂ နှစ်)၊ ဦးဖြိုးလွင် (၃၁ နှစ်) နဲ့ ကျောင်းသားဖြစ်သူ မောင်မျိုးမောင်ထွန်း (၁၉ နှစ်) တို့ ဖြစ်ကြပြီး အရပ်သားတွေဖြစ်တဲ့ ဦးတင်ထွန်း (၅၃ နှစ်)၊ ကိုဇော်ဝင်းလှိုင် (၂၅ နှစ်) နဲ့ ဦးညီဆန်းချေ (၄၂ နှစ်) တို့ ဖြစ်ကြပါတယ်။
သေဆုံးသွားသူတွေအထဲမှာ တောင်ကုတ်မြို့နယ် အလယ်တန်းကျေးရွာ၊ င/ကာကိုင်ကျေးရွာ၊ နပင်းချိုင်းကျေးရွာ၊ ဖောင်းခါးကျေးရွာနဲ မြောက်ဖက်ချိုင်ကျေးရွာတို့က ဆရာ၊ ဆရာမတွေနဲ့ ဒေသခံတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။
တောင်ကုတ်မြို့နယ်အတွင်း စက်လှေနစ်မြုပ်မှုကြောင့် ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေနဲ့ အရပ်သားတွေ သေဆုံးရမှုဟာ အလွန်တရာ ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ရတယ်လို့ တောင်ကုတ်မြို့နယ်က ဆရာမတယောက်က ပြောပါတယ်။
“အစည်းအဝေးလာတက်ကြတဲ့ ဆရာ၊ ဆရာမ စက်လှေနစ်မြုပ်တယ်ဆိုတော့ ကျမ အရမ်းထူပူသွားတယ်။ ဘေးအန္တရာယ်ကင်းကြဖို့ ဆုတောင်းပေးခဲ့ပေမဲ့ ဆုတောင်းမပြည့်လိုက်ဘူး။ ကိုယ်နဲ့ အရမ်းရင်းနှီးကြတဲ့ ဆရာမတွေ အသက်သေဆုံးသွားတော့ အရမ်းစိတ်ထိခိုက်ရတယ်။ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့ဟာ တောင်ကုတ်မြို့နယ်အတွက် အရမ်းကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်။ ရခိုင်ဒေသက ကမ်းရိုးတန်းဒေသ ဆိုတော့ မိုးရာသီ ရေလမ်းခရီးတွေ သွားလာရရင် အသက်ကယ်အင်္ကျီတွေ ဝတ်ပြီး သွားလာကြဖို့ အာဏာပိုင်တွေဘက်က အထူးကြပ်မတ်သင့်တယ်။ နယ်က ဝန်ထမ်းတွေကိုလည်း အသက်ကယ်အင်္ကျီတွေ ပေးထားသင့်တယ်။”
စက်လှေနစ်မြုပ်မှုကြောင့် ရေနစ် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ဩဂုတ် ၂ ရက် မနက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြတာလို့ ဒေသအာဏာပိုင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီမြုပ်နစ်ခဲ့တဲ့ စက်လှေမှာ စီးနင်းလိုက်ပါလာသူ ၁၃ ယောက်အထဲ အမျိုးသား ၄ ယောက်ကို ကယ်ဆယ်ရရှိထားလိုက်လို့ အသက်ရှင် ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာက ကျောက်တော်မြို့ကို ဈေးဝယ်လာတဲ့ ခရီးသည်တင် စက်လှေတစင်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း နစ်မြုပ်ခဲ့တာကြောင့် အမျိုးသမီးတွေ အပါအဝင် ၁၁ ယောက် သေဆုံးခဲ့ပါတယ်။
ရခိုင်ဒေသဟာ ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် မိုးရာသီမှာ ရေကြောင်းခရီးသွားလာရာမှာ အထူးသတိထားကြဖို့နဲ့ အသက်ကယ်အင်္ကျီတွေ ဆောင်ထားကြဖို့ကိုလည်း ဒေသအာဏာပိုင်တွေဘက်က ထုတ်ပြန်ချက်တွေ ရှိပေမဲ့ စစ်ဆေးမှုနဲ့ လိုက်နာမှုအပိုင်းတွေမှာ အားနည်းနေသေးတာလည်း ဖြစ်ပါတယ်။










