DVB Logo
Home
မြန်မာသတင်း
ကလောတွင် ချောင်းရေပြန်တက်နေသဖြင့် သတိထားကြရန် လူမှုကူညီရေးအဖွဲ့များ တိုက်တွန်း
DVB
·
October 2, 2024
ကလောတွင် ချောင်းရေပြန်တက်နေသဖြင့် သတိထားကြရန် လူမှုကူညီရေးအဖွဲ့များ တိုက်တွန်း
Donate to DVB

ရေကြီးမှုကြောင့် ပြန်လည်ထူထောင်ရေးစနေတဲ့ ကလောမြို့မှာ ချောင်းရေပြန်တက်လာတဲ့အတွက် သတိထားလုပ်ကြဖို့ လူမှုကူညီရေးအဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

အောက်တိုဘာ ၁ ရက်က မိုးရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနဲ့အတူ ကလောချောင်းရေဟာ မြင့်တက်လာခဲ့တာကြောင့် ရေဘေးဒဏ် အများဆုံးခံခဲ့ရတဲ့ ချောင်းဘေးအမှတ် ၂၊ ၃ နဲ့ ၄ ရပ်ကွက်ပိုင်းတွေမှာ ပြန်လည်ထူထောင်ရေးအပိုင်းတွေကို သတိထားလုပ်ဆောင်ဖို့ လူမှုရေးအဖွဲ့တွေက နှိုးဆော်ထားတာပါ။

ဒေသခံတယောက်က “မနေ့က ရေပြန်တက်တော့ မိုးနည်းနည်းရွာတာနဲ့ကို ရေပြန်တက်တာ မြန်နေတဲ့သဘော ဖြစ်နေတယ်။ အခုက အိမ်တွေပေါ်မှာရှိတဲ့ နုန်းတွေကိုပဲ ရှင်းနေရသေးတာ။ ချောင်းထဲ နုန်းရှင်းရမယ့်အပိုင်းတွေ ကျန်နေတော့ ရေတက်တာ မြန်နေတာ။ အိမ်ပေါ်မှာရှိတဲ့ နုန်းတွေကတော့ သိပ်မကျန်တော့ဘူးပေါ့၊ ပြန်နေသေးလို့ ရလားဆိုရင် ချောင်းဘေး တလျှောက်ကတော့ ပြန်မနေသေးတာ ကောင်းတယ်။ မနေ့ညကလို အခြေအနေမျိုးဆိုရင် ရုတ်တရက် ရေပြန်တက်တာ အိမ်နှစ်ထပ်ရှိတဲ့ သူတွေအတွက်ကတော့ ကိစ္စမရှိဘူး၊ တထပ်တည်း ဆိုရင် နည်းနည်းစိုးရိမ်ရတဲ့ အနေအထားမျိုးရှိသေးတော့ အောက်တိုဘာလကုန်လောက်မှပဲ ကိုယ့်အိမ်တွေမှာ ပြန်နေဖို့ စိတ်ချရမယ်” လို့ ပြောပါတယ်။

ကလောမြို့မှာ ရေကြီးခဲ့တာကြောင့် နေအိမ်အဆောက်အအုံပေါင်း ၃၀၀၀ နီးပါးရေနစ်မြုပ်ခဲ့ရပြီး လက်ရှိမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်တွေ စလုပ်နေပြီလို့ လူမှူကူညီရေးအဖွဲ့တွေက ပြောပါတယ်။ 

ရေဘေးဒဏ်အများခံရတဲ့ အမှတ် ၂၊ ၃ နဲ့ ၄ရပ်ကွက်တွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်း ပထမအဆင့်အနေနဲ့ နုန်းတွေကို ရှင်းနေတဲ့အချိန် တောင်ကျချောင်းရေကြောင့် တချို့နေရာတွေကို ပြန်ထပ်ရှင်းနေရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက DVB ကို ပြောပါတယ်။

လူမှုကူညီရေးအဖွဲ့ဝင်တယောက်က “ရပ်ကွက် ၃ ဆိုရင် အထိအခိုက်များတဲ့အပိုင်းမှာဆိုတော့ အိမ်တွေ တော်တော်များများပြိုကုန်တာပေါ့။ အဲ့ဒီအိမ်တွေကတော့ ပြန်မနေနိုင်ဘူး။ ဒါပေမဲ့ ရပ်ကွက် ၄ တို့၊ ရပ်ကွက် ၂ တို့ကျတော့သူက တချို့အိမ်တွေက ပြန်နေ နေပြီ။ ရပ်ကွက် ၄ ဆိုရင် ၈၀ ရာခိုင်နှုန်းလောက် ပြီးခဲ့တဲ့ တရက် နှစ်ရက်လောက်က ပြန်နေနေပြီ။ ဒါပေမဲ့ မနေ့ကတော့ ရေပြန်တက်လာတဲ့အတွက် အမြန်ပြန်ရှောင်ရတာပေါ့နော်။ ဒီနေ့မနက်တော့ အကုန်လုံး ရပ်ကွက်ထဲဆင်းပြီး သန့်ရှင်းရေးပြန်လုပ်နေကြတာပေါ့” လို့ ပြောပါတယ်။

အောက်တိုဘာ ၂ ရက် ချောင်းရေပြန်ကျနေပြီးနောက် ရာသီဥတုစောင့်ကြည့်နေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ 

ပြန်လည်ထူထောင်ရေးလုပ်နေတဲ့အချိန်တွင်းမှာပဲ အလောင်း ၁၃ လောင်းတွေ့ရပြီး အဲဒီထဲမှာ ၃ ယောက်က ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေလို့ သိရပြီး ပျက်စီးဆုံးရှုံးမှုနဲ့ပျောက်ဆုံးစာရင်းတွေ ထပ်တိုး လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင် နောက်တယောက်က “ရပ်ကွက် ၃ က ၉ ယောက်၊ ၂ က ၂ ယောက်၊ ၄ က ၁ ယောက်ဆိုတော့ ၁၂ ယောက်ရှိပြီ၊ နောက်တယောက်က ဘောလုံးကွင်းထဲမှာတွေ့တာ၊ အမည်လည်း မသိဘူး၊ ဘယ်ရပ်ကွက်ကမှန်းလည်း ဘယ်လိုမှ ဖော်လို့မရဘူး။ အမည်မသိပေါ့နော် စုစုပေါင်း ၁၃ ပါ။ ၃ က လူအသေအပျောက်လည်း အများဆုံးဖြစ်သွားတာပေါ့။ အိမ်အလုံးလိုက်ကျွတ်တာကလည်း ၃ က အများဆုံးပဲ။ ၃ ဆိုတာကလေ တကယ့်အရင်မြို့နေ ရပ်ကွက်ပြောရမလား၊ ရထားသံလမ်းဘေးတလျှောက်ပေါ့နော်။ နေခွင့်တော့ မရထားဘူး။ ရထားသံလမ်းဘေးတလျှောက်နဲ့ ကလောချောင်းဘေးတလျှောက်မှာ အိမ်သေးတွေ ရှိတယ်လေ၊ အလုံးလိုက်ကျွတ်သွားတာက ၅၀ ကျော်လောက်ရှိမယ်တူတယ်”လို့ ပြောပါတယ်။

ကလောချောင်းတလျှောက်နဲ့ မီးရထားလမ်းတလျှောက်မှာ  တောင်ကျချောင်းရေကြောင့် လူနေအိမ်တွေ အများဆုံး ပြိုသွားခဲ့တာဖြစ်ပါတယ်။

ကလောမြို့ လက်ရှိပြန်လည်ထူထောင်ရေးကာလမှာ ဆန်၊ ဆီ၊ ဆား ထောက်ပံ့မှုလိုနေတဲ့အပြင် ရေဘေးခံထားရတဲ့သူတွေအတွက် ယာယီနေထိုင်ဖို့ သွပ်နဲ့မိုးကာတွေနဲ့ လျှပ်စစ်မီးလိုင်းတွေ အတွက်လည်း ပြန်ပြင်ဖို့ ပညာရှင်တွေရဲ့ အကူအညီတွေ လိုအပ်နေပါတယ်။ 

ထုတ်ပြန်ချက်တွေအရ ကလောရေဘေးကြောင့် လူပေါင်း ၄၀၀၀ ကျော် ရေဘေးရှောင်နေရပြီး လူရာနဲ့ချီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013