DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်းကောက်ရာ၌ ပြည်ပရောက်မိသားစုဝင်များ၏ အချက်အလက် ပိုကောက်ခံ
DVB
·
October 1, 2024
သန်းခေါင်စာရင်းကောက်ရာ၌ ပြည်ပရောက်မိသားစုဝင်များ၏ အချက်အလက် ပိုကောက်ခံ
Donate to DVB

ရန်ကုန်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း စတင်ကောက်ခံနေပြီး အိမ်ထောင်စုစာရင်းထဲမှာပါတဲ့ ခရီးထွက်နေသူတွေနဲ့ ပြည်ပရောက်သူတွေရဲ့ အချက်အလက်တွေကို တိတိကျကျ ကောက်ခံနေတယ်လို့ ပြည်သူတွေဆီကနေ သိရပါတယ်။ 

စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ရန်ကုန်မှာ အောက်တိုဘာ ၁ ရက် စတင်ကောက်ခံနေပြီး မြို့နယ်တချို့မှာ အိမ်တိုင်ရာရောက်ကောက်ခံနေပြီလို့ ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှု သင်တန်းဆင်းထားတဲ့ ဝန်ထမ်းတွေက ဦးဆောင်ပြီး ရပ်ကွက် လုံခြုံရေးဖွဲ့တွေနဲ့အတူ မနက်အစောပိုင်းမှာ အိမ်တိုင်ရာရောက် လာကောက်သွားပြီး ခရီးသွားနေသူတွေနဲ့ ပြည်ပရောက်နေသူတွေရဲ့ အချက်အလက်တွေ အဓိက ကောက်ယူသွားတယ်လို့ ကမာရွတ်မြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။

“အစ်ကိုတို့ ကမာရွတ်မြို့နယ်ကိုတော့ မနက်က ၇ နာရီခွဲလောက်က ရောက်လာတယ်၊ သူတို့က အုပ်ချုပ်ရေးပိုင်းက သူတွေလည်းပါတယ်၊ ပြီးတော့ အိမ်က သန်းခေါင်စာရင်းကို မေးတယ်ပေါ့။ အိမ်မှာ လူဘယ်နှယောက်ရှိလဲ၊ ဒီအိမ်မှာ ဘယ်သူတွေက ဘာလုပ်ကြလဲ မေးတယ်။ နောက်တခုက အစ်ကို့အဖေက ခရီးထွက်နေတာကို အဖေက ဘယ်ကိုထွက်တာလဲ၊ အဲဒီလူကို ဖုန်းခေါ်ပေး ဖုန်းပြောမယ်၊ အဲဒီလိုမျိုးတွေပါ မေးတယ်စမ်းတယ်။ နိုင်ငံခြားရောက် နေတဲ့သူတွေကိုလည်း မေးတယ်။ အစ်မတယောက်လည်း နိုင်ငံခြားရောက်နေတာကို မေးတယ်၊ ဘယ်နိုင်ငံမှာလဲ၊ ဘာအလုပ် လုပ်နေတာလဲ၊ ပြီးတော့ နိုင်ငံခြားရောက်နေတာ ဘယ်လောက် ကြာပြီလဲ၊ အဲဒါတွေ မေးတယ်။ အသက် ၁၈ ကနေ လူငယ်လူလတ်ပိုင်းတွေကို အဓိက ဘာအလုပ် လုပ်ကိုင်ကြသလဲ၊ အဲဒါကို အဓိကထားပြီး မေးသွားတယ်။”

အောက်တိုဘာ ၁ ရက်မှာ ရန်ကုန်က မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ မြို့တွင်း ၆ မြို့နယ်မှာလည်း အိမ်ထောင်စုပုံစံမေးခွန်း ၆၈ ခုကို လမ်းပိတ်ဆို့ကောက်ခံမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုအတွက် ဝန်ထမ်းအင်အားအပြည့်အသုံးပြုထားပြီး ရန်ကုန်ရဲ့ မြို့နယ်တချို့မှာ လုံခြုံရေးနဲ့ကင်းလှည့်ကားတွေ တိုးမြှင့်ထားကာ မြို့နယ်အဝင်အထွက်တွေမှာ အစစ်အဆေးတွေလည်း တင်းကျပ်စစ်ဆေးနေတယ်လို့ ရန်ကုန်သပိတ်ရဲဘော်တယောက်က DVB ကို ပြောပါတယ်။

“သန်းခေါင်စာရင်းက ရန်ကုန်က နေရာတော်တော်များများမှာ ဒီနေ့ စကောက်နေပြီ။ အဓိက ကတော့ ဆရာမတွေ ပါတယ်၊ လုပ်အားပေးတွေ ပါတယ်၊ ယူနီဖောင်းဝတ် ရဲတွေ စစ်သားတွေလည်း ပါတယ်။ အင်အားသုံးတာကတော့ အဓိက ပြည်သူ့လုံခြုံရေးအဖွဲ့တွေပေါ့။ ဘေးတွဲတွေ၊ ရပ်ကွက်ထဲက ဒီလိုမျိုးအင်အားတွေကို သုံးထားတာကို တွေ့ရတယ်။ ထူးထူးခြားခြားတော့ ဘာမှမတွေ့ရသေးဘူး၊ လမ်းတွေပေါ်မှာတော့ အစစ်အဆေးများတယ်။ သန်းခေါင်စာရင်းကောက်နေတဲ့ အနီးပတ်ဝန်းကျင်တွေ နောက် မြို့နယ်တခုနဲ့တခု အကူးတွေမှာ အရင်ကထက် အစစ်အဆေးများတာကို တွေ့ရပါတယ်။”

လက်ရှိ စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းက UN လို နိုင်ငံတကာအဖွဲ့တွေရဲ့ တရားဝင်ကူညီ ထောက်ပံ့ပေးတာမျိုး မရှိတဲ့အပြင် ကောက်ယူမှုအတွက် တိကျခိုင်မာတဲ့ စံသတ်မှတ်ချက်တွေ၊ နိုင်ငံတကာက လက်ခံထားတဲ့ အာမခံချက်တွေ မပါဝင်တဲ့အတွက် တရားမဝင်ကြောင်း စောင့်ကြည့်လေ့လာသူတွေက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီ ကြေညာချက်တွေအရ ရွေးကောက်ပွဲအတွက် ရှေ့ပြေးပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ကောက်ယူမှာဖြစ်ပြီး စာရင်းစစ် စာရင်းကောက် ဝန်ထမ်း ၄၂၀၀၀ ကျော် အသုံးပြုသွားမယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ခန့်မှန်းလူဦးရေ ၅၆ သန်း အိမ်ထောင်စု ၁၃ သန်း ရှိတယ်လို့ ခန့်မှန်းထားပေမဲ့ ပြည်ပထွက်ခွာတာ၊ စစ်ပွဲဖြစ်ပွားရာ ဒေသတွေမှာ တိုက်ပွဲတွင်း သေဆုံးတာ၊ လက်နက်ကြီးနဲ့ လေယာဉ်နဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးတာအပြင် သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူတွေ အများအပြား ရှိနေတဲ့အတွက် စာရင်းအတိအကျရနိုင်ဖို့ မလွယ်ကူနိုင်ဘူးလို့ စောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။ 

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်တာ မလုပ်ကြဖို့ ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။   

 ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013