
အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းနယ်စပ်ရှိ ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို အကန့်အသတ်နဲ့ ဒေသအလိုက် ပစ်မှတ်ထားတဲ့ စီးနင်းတိုက်ခိုက်မှုတွေကို စတင်ခဲ့ကြောင်း အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီပစ်မှတ်တွေဟာ နယ်စပ်နဲ့နီးကပ်နေတဲ့ ကျေးရွာတွေမှာ တည်ရှိပြီး အစ္စရေးမြောက်ပိုင်းရှိ အသိုက်အဝန်းတွေကို ချက်ချင်း ခြိမ်းခြောက်မှု ဖြစ်စေတာကြောင့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ဟာ စစ်ဦးစီးချုပ်နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ချမှတ်ထားတဲ့ နည်းလမ်းအတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အစ္စရေးလေတပ်နဲ့ IDF အမြောက်တပ်တွေဟာ အဲဒီနယ်မြေရှိ စစ်ရေးပစ်မှတ်တွေကို တိကျတဲ့ တိုက်ခိုက်မှုတွေနဲ့ မြေပြင်တပ်ဖွဲ့တွေကို ပံ့ပိုးကူညီနေတယ်လို့လည်း ဆိုပါတယ်။
ဒီစစ်ဆင်ရေးတွေကို နိုင်ငံရေးနယ်ပယ်မှ ဆုံးဖြတ်ချက်နဲ့အညီ အတည်ပြုပြီး ဆောင်ရွက်ခဲ့ကြောင်းလည်း ဆိုထားပါတယ်။
မြောက်ပိုင်းမြားလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးဟာ အခြေအနေ အကဲဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသနဲ့ တခြားနယ်ပယ်တွေမှာ တိုက်ခိုက်ဖို့ အပြိုင်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစ္စရေးစစ်တပ်ဟာ မြို့တော်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အင်္ဂါနေ့ ညသန်းခေါင်ကျော်လောက်မှာ လက်ဘနွန်မြို့တော်တခွင်မှာ အကြီးအကျယ် ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ကြားနေရတယ်လို့ ရိုက်တာ မျက်မြင်သက်သေတွေက ပြောပါတယ်။
အစ္စရေးစစ်တပ်က စက်တင်ဘာ ၃၀ ရက်ညပိုင်းမှာ လူနေထူထပ်လေ့ရှိတဲ့ တောင်ပိုင်းဆင်ခြေဖုံးရှိ သတ်မှတ်ထားတဲ့ အဆောက်အအုံတွေကို တိုက်ခိုက်မယ်လို့ သတိပေးထားပြီး ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့က အဲဒီအဆောက်အအုံတွေကို သူတို့လုပ်ငန်းအတွက် အသုံးပြုနေတာဖြစ်ပြီး အဲဒီမှာ နေထိုင်သူတွေကို ထွက်ခွာသွားခိုင်းထားတယ်လို့လည်း ပြောဆိုပါတယ်။
တနင်္လာနေ့မှာ မြေပြင်ကျူးကျော်မှုဖြစ်မှာကို စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပြီး လက်ဘနွန်တပ်တွေ အစ္စရေးနယ်စပ်မှ ပြန်လည်ဆုတ်ခွာသွားကြောင်းနဲ့ အစ္စရေးစစ်သားတွေက လက်ဘနွန်ကို ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန် အရာရှိတယောက်က ပြောကြားခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ်ဂါလန့်ထ်ဟာ လက်ဘနွန်တောင်ပိုင်း နယ်စပ်တလျှောက် စစ်ပွဲရဲ့ နောက်ထပ်အဆင့်သစ်ကို မကြာခင်မှာ စတင်တော့မှာဖြစ်ကြောင်းနဲ့ နယ်စပ်စစ်ပွဲ ၁ နှစ်နီးပါးအတွင်း ဟစ်ဇ်ဘိုလာဒုံးကျည်တွေကြောင့် နေအိမ်စွန့်ခွာ ပြေးခဲ့ကြရတဲ့ အစ္စရေးလူမျိုးတွေကို သူတို့အိမ်တွေဆီ ပြန်ပို့ဆောင်ပေးဖို့ ကူညီပေးမှာဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်က ပြောကြားခဲ့ပါတယ်။
Source-Reuters










